တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးဝန်းကျင်မှ နေအိမ်နှင့်ဆိုင်ခန်းများက ဈေးအတွင်း အမှိုက်များ လာရောက် စွန့်ပစ်နေ၍ တားမြစ်နိုင်ရေး ဆောင်ရွက်မည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မဈေး (ဝမ်ကောင်းဈေး)အတွင်းသို့ ပတ်ဝန်းကျင် နေအိမ်၊ဆိုင်ခန်းများမှ အမှိုက်များ စွန့်ပစ်နေမှုများအား တားမြစ်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာနထံမှ သိရသည်။
"ကျွန်တော်တို့ဈေးရဲ့ မြေပြင်အနေအထားအရ ရပ်ကွက်အတွင်းမှာ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့အတွက် ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့ ဈေးကိုဝင်လာပြီး အမှိုက်ပစ်တဲ့ ကိစ္စလေးတွေကိုလည်း နောက်အစည်းအဝေးတွေမှာ ဈေးအကျိုးတော်ဆောင်အဖွဲ့ရယ်၊ ကျွန်တော်တို့ ဌာနရယ်၊ ဈေးလိုင်စင်စီ(C)ရယ် ပေါင်းစပ်ပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့မဈေး (ဝမ်ကောင်းဈေး)အတွင်း အမှိုက်ရှင်းလင်း၊ သိမ်းဆည်းခြင်းကို ယခင်က ဈေးလိုင်စင်စီဖြစ်သည့် ကုမ္ပဏီတစ်ခုတည်းက တာဝန်ယူဆောင်ရွက်နေသော်လည်း ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကုန်မှစ၍ ဈေးရုံကြီးအပိုင်းကို စည်ပင်သာယာရေးဌာန၊ ပျံကျဈေး၊ သားငါးဈေးနှင့် ဈေးအိမ်သာအပိုင်းကို လိုင်စင်စီတို့က အပိုင်းခွဲ၍ တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်ပြီး ဈေးဝန်းအတွင်း ပတ်ဝန်းကျင်မှ အမှိုက်စွန့်ပစ်နေမှုများကိုပါ ဖြေရှင်းဆောင်ရွက်မည်ဟု သိရသည်။
Tachileik News Agency