ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် 

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ပဒေသာမိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် 

စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား ချောင်းဦးနှင့်ငါးယှဉ်ကြား၌ ပဒေသာမိုင်း (၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF South Monywa အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်၊ နတ်ရေကန်စစ်ကောင်စီဂိတ်မှ ချောင်းဦးဘက်သို့ထွက်လာသည့် စစ်ကောင်စီ Jammerကားတစ်စီးအား ချောင်းဦးနှင့်ငါးယှဉ်ကြား၌ ၂၀၂၄ခုနှစ် မေလ (၂၁)ရက်နေ့ မနက် (၈)နာရီခွဲခန့်တွင် ပဒေသာမိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa အဖွဲ့မှ သတင်းထုတ်ပြန်သည်။

ထို့နောက် မေလ (၂၁)ရက်နေ့ မနက်ဆယ်နာရီခန့်တွင် စစ်ကိုင်းမှထွက်လာသည့် စစ်ကောင်စီ တွဲကား (၁၇) စီးအနက် (၅) စီးမြောက်လိုက်ပါလာသည့် စစ်ကောင်စီတွဲကားအား ချောင်းဦးနှင့် ငါးယှဉ်ကြား၌ ဒုတိယအကြိမ် ပဒေသာမိုင်း (၅) လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် မိုင်းပွိုင့်အတွင်း ကင်းပတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးများရှိခဲ့ပြီး၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း၊ People's Defence Force-South Monywaတပ်ခွဲ(၁)၊ နွေဦးလူငယ် People's Defence Force၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myinmu Local Defence Forceနှင့် မြန်မာအစ္စလာမ်အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း ၊ မိုင်းဆွဲခြင်းများပြုလုပ်လျှက်ရှိကာ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် မေလအတွင်း (၆) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်သည်။

#TachileikNewsAgency