အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် နေထိုင်ရာ ဒေသ၏ ထုတ်ပြန်ချက် စည်းကမ်းများကို လိုက်နာရန် NUG က အသိပေး မေတ္တာရပ်ခံ

အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် နေထိုင်ရာ ဒေသ၏ ထုတ်ပြန်ချက် စည်းကမ်းများကို လိုက်နာရန် NUG က အသိပေး မေတ္တာရပ်ခံ

အိန္ဒိယနိုင်ငံအတွင်း ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာတွင် ထုတ်ပြန်ထားသည့် လူမှုရေး၊ ဘာသာရေးစည်းကမ်းများကို လိုက်နာရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ၂၀၂၄ ခုနှစ် မေလ ( ၉ ) ရက်နေ့က ကြေညာချက်ထုတ်ပြန်ကာ အသိပေးမေတ္တာရပ်ခံထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် အချက် ( ၄ ) ချက် အဓိကပါဝင်ပြီး နံပါတ် ( ၁ ) အနေဖြင့် အိန္ဒိယနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာထိပါးစေမည့် ပြုမူ လုပ်ဆောင်ခြင်းများ ရှောင်ကြဉ်ရန် ဖော်ပြထားသည်။

မြန်မာနိုင်ငံသားများ အနေဖြင့် ၎င်းတို့ရောက်ရှိ ခိုလှုံနေသည့် ပြည်နယ်တွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများနှင့် လူမျိုးရေးအခြေပြု အချေအတင် ဖြစ်ပွားမှုများကဲ့သို့ နိုင်ငံရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများတွင် မလိုအပ်ပဲ ငြိစွန်း ရောယှက်မှုများ ပြုလုပ်ခြင်း မပြုရန် ဖော်ပြထားသည်။

မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန် အပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားမှုများတွင် ပါဝင် ပတ်သက်ခြင်း လုံးဝ မပြုလုပ်ရန်နှင့် ကျန်းမာရေး ၊ လူမှုရေးကိစ္စများတွင် အရေးပေါ် ကိစ္စများကြောင့် နယ်စပ်ဖြတ်ကူးသည့်အခါ အိန္ဒိယနိုင်ငံမှ အစိုးရနှင့်အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအား အကြောင်းကြားရန် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အိန္ဒိယနိုင်ငံအတွင်း လုံခြုံရေးအရ ခိုလှုံနေသည့် မြန်မာနိုင်ငံသားများ လိုက်နာရမည့် အချက်များ ပါဝင်သည့် အသိပေးမေတ္တာရပ်ခံချက်တစ်စောင်ကို ၂၀၂၃ ခုနှစ် ဇွန်လ ( ၁၅ ) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါအချက်များအတိုင်း ဆက်လက်လိုက်နာဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံ့အာဏာကို စစ်တပ်က အတင်းအဓမ္မသိမ်းယူလိုက်ပြီးနောက် အာဏာသိမ်း စစ်တပ်၏ မတရားလုပ်ဆောင်မှုများကို ခေါင်းငုံံ့မခံလိုသည့် ပြည်သူများနှင့် CDM ဝန်ထမ်းများက အိမ်နီးချင်းနိုင်ငံများ အနက် ထိုင်း နှင့် အိန္ဒိယနိုင်ငံသို့ အများအပြား ခိုလှုံနေထိုင်နေကြရခြင်း ဖြစ်သည်။