တိုက်ပွဲဖြစ်နေသည့် သံတွဲမြို့နယ် လင်းသီရွာ ပြွန်ခေါင်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲ

တိုက်ပွဲဖြစ်နေသည့် သံတွဲမြို့နယ် လင်းသီရွာ ပြွန်ခေါင်တောင်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် လင်းသီရွာအနီးရှိ ပြွန်ခေါင်တောင်ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၇)ရက်နေ့ ညနေပိုင်းတွင် လေယာဉ်(၂)စီးဖြင့် ဗုံး(၃)လုံး ကြဲချသွားကြောင်း ဒေသခံများထံမှ သိရသည်။

အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲဖြစ်နေသည့် လင်းသီရွာ အနီးရှိ ပြွန်ခေါင်တောင်ကို  အထိနာနေသည့် စစ်ကောင်စီတပ်က တိုက်လေယာဉ်(၂)စီးဖြင့် လာရောက်ဗုံးကြဲခြင်းဖြစ်ကြောင်း သိရသည်။

"လင်းသီရွာအနောက်ဘက်ပါ။ ချောင်းလယ်တောကိုသွားတဲ့လမ်းနားက တောင်ပါ။ အဲဒီကို ဗုံးကြဲသွားတာ။"ဟု လင်းသီရွာ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ရွှေလှေ၊ ဒေါ်မြရွာနှင့် ပုရစ်ရေကောက်ကျေးရွာ၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ချင်းကွင်းကျေးရွာတောင်ကြောတစ်လျှောက်တွင် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး အထိနာသည့် စစ်ကောင်စီတပ်သည် လင်းသီရွာဘက်သို့ တပ်ဆုတ်သွားရာက တိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

"မနေ့က ပစ်ခတ်သံတွေမကြားပဲ ငြိမ်နေတာ။ ဒီနေ့မနက်ပိုင်းမှာ ပြန်ကြားရတယ်။ ညနေပိုင်းလည်းရောက်ရော လေယာဉ်နဲ့ ဗုံးလာကြဲတာ တော်တော်ကြီးကို အသံကျယ်တယ်။ သံတွဲမြို့တွင်းကပါ အသံကျယ်ကြီးကြားရတယ်။ ဗုံးက တော်တော်ပြင်းတယ်။ လူတွေလည်း ကြောက်သွားကြတယ်။"ဟု သံတွဲမြို့ ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

 

တိုက်ပွဲများကြောင့် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း၊ ရွှေလှေ၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်းနှင့် ရှင်စောပြင် စသည့် ကျေးရွာများမှ ဒေသခံများ သံတွဲမြို့ပေါသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများစဖြစ်စဉ်ကပင် စစ်ကောင်စီက ရခိုင်တပြည်နယ်လုံးကို ပိတ်ဆို့ထားရာ သံတွဲမြို့တွင်လည်း ကုန်စည်ပြတ်လပ်သည်အထိ ဖြစ်လာပြီး ဒေသထွက်ကုန်အများစုဖြင့် လည်ပတ်နေခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency