ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁၅ ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁၅ ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

ကရင်နီပြည်နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းအပြင် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား(၁၅)ဦးသေဆုံးပြီး (၃၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း KNDFက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ (၂)ရက်နေ့ ည(၈)နာရီခွဲတွင် ဖယ်ခုံမြို့နယ် ဆိုင်ခွန်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး နှစ်လုံး ကြဲချခဲ့ရာ အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦး ဒဏ်ရာရပြီး နေအိမ်(၁၀)လုံးကျော် ပျက်စီးသွားကြောင်း သိရသည်။

ဧပြီလ (၁၁)ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင် ဖယ်ခုံမြို့နယ် လွယ်ယင်းနှင့် ပီကင်းကျေးရွာဖက်သို့ စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၃)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၄)ဦးရှိပြီး နေအိမ်များ ပျက်စီးသည်ဟု သိရသည်။

ဧပြီလ(၂၀)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြာင်းဖြင့် ဗုံး(၂)လုံးကြဲချရာ ကလေးငယ် (၂)ဦး၊ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး တို့သေဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိကာ နေအိမ်(၂၀)လုံးနီးပါးနှင့် ကား (၁)စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၁)ရက်နေ့တွင် ဖယ်ခုံမြို့မှ မိုးဗြဲဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များမှ တောင်ယာတစ်ခုအတွင်း စစ်ရှောင်နေသော အရပ်သား မိသားစု (၂)စုမှ အမျိုးသား(၂)ဦးအား ပစ်ခတ်သတ်ဖြတ်ကာ  အမျိုးသမီး (၂)ဦးနှင့် ကလေးငယ် (၁)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော အမျိုးသမီး (၂)ဦးထဲမှ တစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့မှာ ပြန်လည်လွတ်မြာက်လာခဲ့ သော်လည်း အမျိုးသမီး(၁)ဦးအား နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ဧပြီလ (၂၃)ရက်နေ့တွင်လည်း ဖယ်ခုံမြို့အနောက်ဖက်ခြမ်းတွင် တောင်ယာထဲမှ ပြန်လာသော အရပ်သားအမျိုးသား (၁)ဦး နှင့် အမျိုးသမီး (၁)ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွားသည်ဟု သိရသည်။

ဧပြီလ (၄)ရက်နေ့ မနက်ပိုင်းတွင် ဖားဆောင်းမြို့အခြစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မော်ချီးဒေသရှိ ကျေးရွာတစ်ရွာအတွင်းသို့ ကျရောက်ပြီး နေအိမ် (၆)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီမှ တိုက်ပွဲများနှင့် မသက်ဆိုင်သော အရပ်သားများအား ရန်သူသဖွယ်ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့်ပစ်ခက်ခြင်းအပြင် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ပြုလုပ်၍  စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် (၃၀)ကျော် ထိခိုက်ပျက်စီးခဲ့ပြီး  လက်နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ် (၆)လုံးကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့ အတွင်းကိုလည်း စစ်ကောင်စီတပ်မှ နေ့စဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် နေအိမ်မီးရှို့ခြင်းများကို လုပ်ဆောင်နေပြီး  ဒရုန်း ၊ လေယာဥ်များဖြင့် ဗုံးကြဲခြင်း ၊ မီးလောင်ဗုံးများကြဲချ၍ နေအိမ်များအား မီးရှို့ခြင်းများကို  ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု သိရသည်။

#TachileikNewsAgency

Photo: KNDF