၂၀၁၆ ခုနှစ်က ဆုတ်ခွာပေးလိုက်ရသည့် ဂိဒုန်တပ်စခန်း KIA ပြန်သိမ်း

၂၀၁၆ ခုနှစ်က ဆုတ်ခွာပေးလိုက်ရသည့် ဂိဒုန်တပ်စခန်း KIA ပြန်သိမ်း

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ ဂိဒုန်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က (၃)ရက်ကြာ တိုက်ခိုက်ပြီး ယနေ့ ၂၀၂၄ ခုနှစ် မေလ(၆)ရက်နေ့တွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း စစ်ရေးသတင်း အရင်းအမြစ်ထံမှ သိရသည်။

"ဂိဒုန်စခန်းကြီး ရတမ(၄၃၈)ကို ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းလိုက်တာ။ အခုစခန်းရှင်းလင်းလိုက်ပြီ။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agency ကို ပြောသည်။

အသေးစိတ်အချက်အလက်ကိုမူ Tachileik News Agencyက ဆက်လက်မေးမြန်းနေဆဲဖြစ်ပါသည်။

ဂိဒုန်တပ်စခန်းသည် ယခင်က KIA တပ်စခန်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က စစ်တပ်သည် (၄)လကြာ တိုက်လေယာဉ်၊ လက်နက်ကြီးများအသုံးပြု၍ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ပြီး သိမ်းယူကာ စခန်းအတွင်း စေတီတည်ထားသည်။

ယင်းစခန်းသိမ်းခံရစဉ်က KIA ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွမ်မော်က ကချင်အမျိုးသားများ၏ ယုံကြည်မှုနှင့် ဂီဒေါင်စခန်းကို လဲလည်လိုက်ရသည့်အတွက် ဝမ်းမနည်းကြရန်နှင့် (၄)လကြာ ခုခံတိုက်ပွဲဆင်နွှဲခဲ့ကြသည့် ရဲဘော်ရဲဘက်များကို လေးစားအသိမှတ်ပြုကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ပြောဆိုခဲ့သည်။

ယမန်နေ့ကလည်း KIA သည် ဝိုင်းမော်မြို့နယ်နှင့် ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၁၂)ခုကို သိမ်းပိုက်ခဲ့သည်။ 

သိမ်းဆည်းရရှိခဲ့သည့် စခန်းများမှာ ဆွမ်ပရာဘွမ် တပ်စခန်း၊ အင်ခရမ်တပ်စခန်း၊ ဂမ်ဂယာတပ်စခန်း၊ ဆမားတပ်စခန်း၊ ကဂမ်တပ်စခန်း၊ ပုန်းလိမ်တပ်စခန်း၊ ရှန်ခေါင်တပ်စခန်းနှင့်  ငါ့ဂယာန်စခန်းတို့ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency