CNF/CNA အနေဖြင့် ကျူးကျော်စစ်ရေးလှုပ်ရှားမှုများဆက်လုပ်ပြုလုပ်နေပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်သတိပေး

CNF/CNA အနေဖြင့် ကျူးကျော်စစ်ရေးလှုပ်ရှားမှုများဆက်လုပ်ပြုလုပ်နေပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်သတိပေး

CNF/CNA ဦးဆောင်သည့် Chinland Council အဖွဲ့ဝင်တပ်ဖွဲ့များအနေဖြင့် ကျူးကျော်စစ်ရေးလှုပ်ရှားမှုများဆက်လုပ်ပြုလုပ်နေပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ချင်းညီနောင်ပူးပေါင်းအဖွဲ့မှ ၂၀၂၄ခုနှစ် မေလ (၁)ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေးအတွက် ချင်းညီနောင်အဖွဲ့များ ကြိုးပမ်းနေသည်ကို အခွင့်ကောင်းယူပြီး  CNF/CNA ဦးဆောင်သည့် Chinland Council အဖွဲ့ဝင်တပ်ဖွဲ့များသည် ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေများကို ကျူးကျော်ရန် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းညီနောင်အဖွဲ့ဝင်များဖြစ်သည့်  ZFU/PDF Zoland နှင့် CNO/CNDF စသည့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေများတွင် မြို့သိမ်းတိုက်ပွဲဆင်နွဲနိုင်ရန် နည်းဗျူဟာများ ရေးဆွဲပြင်ဆင်နေကြောင်း သိရသည်။

ထိုသို့ပြင်ဆင်နေသည့်ကာလတွင် CNF/CNAအနေဖြင့် နိုင်ငံရေးလက်ဦးမှုရရှိစေရန် နယ်မြေကျူးကျော်စစ်ရေး လှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းသည် ဒေသတွင်း ပဋိပက္ခများကို ပိုမိုကြီးထွားစေပြီး အချင်းချင်း သွေးထွက်သံယိုမှုများကို ဦးတည်စေကြောင်း ချင်းညီနောင်အဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

CNF/CNA အနေဖြင့် ၎င်းတို့၏ နယ်မြေဖြစ်သည့် ဟားခါးနှင့် ထန်တလန်မြို့တို့ကို ဦးစားပေးပြီး မြို့သိမ်းတိုက်ပွဲများဆင်နွဲသင့်ကာ လိုအပ်ပါက ချင်းညီနောင်အနေဖြင့် ပါဝင်ပူးပေါင်းတိုက်ခိုက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းအမျိုးသား အချင်းချင်းကြား ထိပ်တိုက်ထိတွေ့မှုကို ရှောင်ရှားနိုင်ရန်  ချင်းညီနောင်မှ အတန်တန်သတိပေးနေသည့်ကြားမှ ရှေ့ဆက်တိုး၍  ကျူးကျော်စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေပါက ကြေညာချက်အတိုင်း ကျူးကျော်မှုမှန်သမျှကို အတူတကွ ပူးပေါင်းတုံ့ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်မဟာ(၁)တို့ ပါဝင်သည်။

#TachileikNewsAgency