စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်း PDF သိမ်း၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါ ၁၁ ဦးသေ၊ ၁၅ ဦးလက်နက်ချ

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်း PDF သိမ်း၊ ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါ ၁၁ ဦးသေ၊ ၁၅ ဦးလက်နက်ချ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းအား ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုတိယဗိုလ်မှူးကြီးတင်ကို အပါအဝင် (၁၁)ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား (၁၅)ဦး လက်နက်ချ အညံ့ခံခဲ့ကာ လက်နက်ငယ် (၁၉)လက်၊ ၆၀ မမ စိန်ပြောင်း (၁)လက် အပါအဝင် ခဲယမ်း အများအပြားလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ 

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင် အသေဖမ်းဆီး ရမိခဲ့သော ဒုဗိုလ်မှူးကြီးတင်ကိုသည် တတက (၁၃)အုပ်ချုပ်မှုဌာန ဌာနမှုး (တေဇ ၂၈)ရာထူးဖြစ်သည်။

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ထိခိုက်မှုမရှိဘဲ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုကိုလည်း သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များအကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများလည်း နေ့စဉ်ပြုလုပ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)