တာလေမြို့တွင် ယာဉ်တိုက်မှု နှင့် ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိ

တာလေမြို့တွင် ယာဉ်တိုက်မှု နှင့် ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားသော်လည်း သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်းနိုင်စွမ်း မရှိ
ဧပြီ 28, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း၊ တာလေမြို့တွင် ယာဉ်လမ်းစည်းကမ်း အပါအဝင် ခိုးမှု လုယက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာများက ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်း မရှိ၍ ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

"တာလေမှာရှိတဲ့ ထွေအုပ် နဲ့ ရဲတွေက ငွေပဲကြည့်နေကြသလား မသိဘူး။ ယာဉ်တိုက်မှုလည်း ခဏခဏ ဖြစ်တယ်။ ခိုးမှု လုယက်မှုလည်း ဖြစ်တယ်။ ဘာမှ ထိထိရောက်ရောက် ကိုယ်တွယ် ဖြေရှင်းပေးတာမျိုးမရှိဘူး။ ယာဉ်လမ်း စည်းကမ်းနဲ့ပတ်သက်ပြီး မီးသတ်ရုံးရှေ့ဆိုလည်း ခဏခဏ ယာဉ်တိုက်မှုဖြစ်တယ်။ ထိခိုက် ဒဏ်ရာရတဲ့အထိကို ဖြစ်ပေမဲ့ သက်ဆိုင်ရာတွေက အသိပညာပေးတာတွေ။ ယာဉ်တိုက်မှု ခဏခဏ မဖြစ်အောင် ကောင်းကောင်း စီမံတာတွေ မတွေ့ရဘူး"ဟု အမည်မဖော်လိုသည့် စစ်မှုထမ်းဟောင်းတစ်ဦးက Tachileik News Agency သို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

တာလေမြို့တွင် ယာဉ်တိုက်မှု အဖြစ်များသည့် နေရာများမှာ တာလေမြို့အဝင် ဆိုင်းဘုတ်ဝန်းကျင်၊  မီးသတ်ရုံး ဝန်းကျင်၊ တာလေတိုးဂိတ်အကျော် ပါဟုတ်ကျေးရွာအနီး နှင့်  ရန်ကင်းဆီပန့် ဝန်းကျင်၊ ရပ်ကွက်(၁) သီရိ၊ ကျိုင်းတုံ - တာလေ - ကျိုင်းလပ် လမ်းဆုံ တို့၌ အဖြစ်များသော်လည်း သက်ဆိုင်ရာများက ယာဉ်မတော်တဆမှု လျော့ပါးရေးအတွက် လုပ်ဆောင်ခြင်းမရှိဟု  သိရသည်။

"တာလေမှာက ရွှေ/သတ္တူ လုပ်ငန်းရဲ့  ယာဉ်တွေကလည်း မောင်းလိုက်ရင် အတော်ကြမ်းတယ်။ ဒီမြို့က ကျိုင်းတုံ - တာချီလိတ်သွား ပြည်ထောင်စု လမ်းမကြီးပေါ်မှာရှိတာဆိုတော့ ယာဉ်မတော်တဆမှုကတော့ ခဏခဏလို ဖြစ်နေတာပါပဲ။ ဘယ်လောက်ဖြစ်သလဲဆိုရင် တာလေရဲစခန်းရဲ့ စခန်းမှူး မောင်စိန်ပို ဆိုရင် သူကိုယ်တိုင်တောင် လားဟူ ကောင်လေး မောင်းလာတဲ့ ဆိုင်ကယ်ကိုတောင် ဖြတ်တိုက်မိတဲ့အထိ ဖြစ်ဖူးတာ။ ရဲကတောင် ဆိုင်ကယ်တိုက်မှုဖြစ်တယ်ဆိုတော့ ကျန်တာဆိုရင်တော့ မလွယ်ဘူး။ တာလေက စစ်တပ်ရော၊ ထွေအုပ်ရော၊ ရဲရော သတ္တူလုပ်ငန်းတွေနဲ့ လောင်းကစားဂိမ်းခုံတွေကနေ ငွေရဖို့ပဲ မမျှော်ဘဲ ဒေသအတွက်လည်း လုပ်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

လောင်းကစားဂိမ်းခုံများ ဆက်လက်ရှိနေဆဲဖြစ်သည့် တာလေမြို့တွင် ယာဉ်တိုက်မှုအပြင် ခိုးမှု နှင့် လုယက်မှုလည်း မကြာခဏဖြစ်ပွားနေလျက်ရှိရာ ရပ်ကွက်နေပြည်သူများက ဖမ်းဆီးပြီး ရဲလက်ထံ အပ်နှံသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း သိရသည်။

"ကျွန်မတို့ တာလေကတော့ အရင်လို မဟုတ်တော့ဘူး။ လုယက်မှုတွေ ခိုးမှုတွေ ဖြစ်တဲ့အခါ ရဲကို အသိပေး တိုင်ကြားရင် ဖြေရှင်းပေးတာတွေ မရှိဘူး။ တချို့ဆိုရင် သူခိုးကို ဖမ်းမိလို့ ရဲလက်အပ်တာကိုတောင် ရဲက လက်မခံတာမျိုးတောင်ရှိတယ်။ နောက်ပြီး ဒေသခံ တော်တော်များများက ရှမ်း၊ အာခါ၊ လားဟူတွေ အများဆုံးဆိုတော့   ရုံးတွေ ကန္တားတွေ သွားရဲတာ တိုင်ရဲတာမရှိကြဘူး။ ဒေသခံတွေအတွက် စိတ်ရော လူရော လုံခြုံမှု နည်းလာသလို ခံစားရတယ်။"ဟု  ဒေသခံ မမီဖာက ပြောသည်။

တာလေမြို့တွင် မူးယစ်ဆေးဝါးများပါ ရရှိနိုင်သည့် လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ထားလျှက်ရှိကြောင်းနှင့် စစ်တပ်နှင့်ရဲအပါအဝင် မီးသတ်၊ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဖြင့် ညပိုင်း စောင့်ကြပ်နေသည့် တာလေတံတားပေါ်တွင် ညပိုင်းဖြတ်သည့် အိမ်စီးကားများကိုလည်း ငွေကြေးတောင်းခံမှုများ ရှိနေကြောင်းလည်း သိရသည်။