မင်းအောင်လှိုင်က စီးပွားရေး ဦးမော့လာပြီဟု အမြဲကြွားလုံးထုတ်နေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်မှာ ဆင်းရဲမွဲတေပြီး မျှော်လင့်ချက် မဲ့နေ

မင်းအောင်လှိုင်က စီးပွားရေး ဦးမော့လာပြီဟု အမြဲကြွားလုံးထုတ်နေသော်လည်း တကယ်တမ်းတွင် မြန်မာနိုင်ငံ၏ လူဦးရေ ထက်ဝက်မှာ ဆင်းရဲမွဲတေပြီး မျှော်လင့်ချက် မဲ့နေ
ဧပြီ 13, 2024 | ဆောင်းပါး
By Mr John

နိုင်ငံ့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က  ပြည်တွင်းခရီးစဉ်များအတွင်း နိုင်ငံစီးပွားရေးအခြေအနေမှာ ၎င်းအုပ်ချုပ်သည့် လက်ထက်တွင် ဦးမော့လာပြီဟု ကြွားလုံးထုတ် မကြာခဏ ပြောလေ့ရှိသော်လည်း တကယ်တန်းတွင်မှု မြန်မာနိုင်ငံတွင် လူဦးရေ ထက်ဝက်မှာ ဆင်းရဲမွဲတေနေပြီး အများစုမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ရှင်သန်နေကြရသည့် အခြေအနေများကို ကုလသမဂ္ဂ အစီရင်ခံစာအသစ်တွင် တွေ့ရသည်။

လူလတ်တန်းစား လူဦးရေ တိုးပွားလာမှုနှင့်အတူ တစ်ချိန်က အရှေ့တောင်အာရှတွင် စီးပွားရေးအလားအလာ အကောင်းဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံသည် စစ်တပ်၏ အာဏာသိမ်းမှုကြောင့်  ပြည်တွင်းစစ်ပွဲများ (၃)နှစ်ကျော်အကြာ ဖြစ်ပွားနေရာ လူပေါင်း သန်းနှင့်ချီ ခိုကိုးရာမဲ့ အခြေအနေသို့ ရောက်သွားပြီး ဆင်းရဲမွဲတေမှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအသစ်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူဦးရေ (၅၄) သန်း၏ ထက်ဝက်နီးပါးဖြစ်သော (၄၇) ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိနေပြီး တစ်နေ့လျှင် ကျပ် (၃,၀၀၀) နီးပါး (အမေရိကန် ၇၆ ဆင့်) အောက် လျော့နည်းသော ဝင်ငွေဖြင့် ရပ်တည်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဥ် UN Development Program (UNDP) မှာ သုတေသီများက တွေ့ရှိခဲ့ရသည်။

ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိနေသည့် မြန်မာလူဦးရေ ရာခိုင်နှုန်းမှာ ၂၀၁၇ ခုနှစ် နောက်ပိုင်း (၂) ဆ ဖြစ်လာခဲ့သည်။ 

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိနေသည့် လူဦးရေ ရာခိုင်နှုန်းမှာ ၂၀၁၇ ခုနှစ်တွင် (၂၄.၈) ရာခိုင်နှုန်း ရှိခဲ့သည်။ 

၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်တွင် မြန်မာလူဦးရေ၏ (၄၆.၃) ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှုမျဥ်းအောက် ရောက်ရှိသွားခဲ့ရာမှ ယခုအခါ ပို၍ ထပ်တိုးလာခြင်း ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် (၃) နှစ်အကြာတွင် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာပြီး လူလတ်တန်းစား ပျောက်ကွယ်သွားမည့် အန္တရာယ်ရှိနေကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းကြောင့် မိသားစုများမှာ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် ပညာရေးတို့တွင် အသုံးစရိတ် လျှော့ချနေကြရသည်ဟု UNDP အစီရင်ခံစာက တွေ့ရှိခဲ့သည်။

မြန်မာလူဦးရေ၏ နောက်ထပ် (၂၅) ရာခိုင်နှုန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဆင်းရဲမွဲတေမှုမျဥ်းအထက်တွင် ကပ်နေပြီး ဆင်းရဲမွဲတေသူများ ဖြစ်လာနိုင်ကြောင်း သုတေသီများက ထောက်ပြကြသည်။ 

"ဒီအစီရင်ခံစာ ထုတ်ပြန်ချိန်မှာ အခြေအနေက ပိုဆိုးလာဖွယ်ရှိပါတယ်" ဟု အစီရင်ခံစာ ပြုစုရေးသားသူများက ပြောကြသည်။

"အဲဒီအချိန်မှာ ပြည်တွင်းစစ်ပွဲ ပြင်းထန်လာမှုကြောင့် သူတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ ဆုံးရှုံးရ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းရပြီး နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ ပိုများလာနိုင်တယ်" ဟု အစီရင်ခံစာ ရေးသားသူများက ဆိုသည်။ 

၂၀၁၁ ခုနှစ်တွင် စစ်တပ်အုပ်ချုပ်မှုကနေ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာသော ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းမှု စတင်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု လျှော့ချရေး တိုးတက်လာသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အစိုးရ လက်ထက်ဖြစ်သော ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှ ဒေသတွင် စီးပွားရေးဖွံဖြိုးတိုးတက်မှု အလျင်မြန်ဆုံး ဖြစ်ခဲ့ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank ၏ အချက်အလက်များက ဖော်ပြသည်။ 

ကမ္ဘာ့ဘဏ် World Bank အချက်အလက်များအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ နှစ်စဥ် ပျမ်းမျှ (၆) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းကို ၂၀၀၅ ခုနှစ်တွင် (၄၈.၂) ရာခိုင်နှုန်းမှ ၂၀၁၇ ခုနှစ်တွင် (၂၄.၈) ရာခိုင်နှုန်းသို့ ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့သည်။ 

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ ဆိုးရွားစွာ ကျဆင်းပြီး ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမှာလည်း ၂၀၀၅ ခုနှစ်တွင် ရှိခဲ့သည့် ရာခိုင်နှုန်းနီးပါးသို့ ပြန်ရောက်သွားသည်။ 

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုမှာ (၂) ဆ ဖြစ်လာရုံသာမက ပြည်သူများမှာလည်း ဆင်းရဲတွင်း ပိုနက်လာကြောင်း UNDP အစီရင်ခံစာက တွေ့ရှိခဲ့သည်။

"ခြုံငုံကြည့်ရရင်ဖြင့် မြန်မာလူဦးရေရဲ့ လေးပုံသုံးပုံက ဆင်းရဲမွဲတေနေကြတယ်။ ဒါပေမဲ့ အလွန်ထိတ်လန့်စရာ အချက်က အခုလက်ရှိ ရှင်သန်ရပ်တည်နေသူတွေဟာ ဝမ်းရေးဖူလုံရုံမျှ အဆင့်မှာ ရှိနေတာပါပဲ။ ဒါကြောင့် ဆင်းရဲတွင်းနက်မှုက အလွန်ကြီးမားပါတယ်" ဟု UNDP လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja က ပြောသည်။ 

မြန်မာနိုင်ငံ၏ လူလတ်တန်းစား ပျောက်ကွယ်လာနေကြောင်းလည်း Wignaraja က ဆိုသည်။

"ပြီးခဲ့တဲ့ (၂) နှစ်ခွဲအတွင်း လူလတ်တန်းစား (၅၀) ရာခိုင်နှုန်း ပျောက်ကွယ်သွားတာက ဒီနိုင်ငံအတွက် တော်တော် အံ့ဩစရာဖြစ်တယ်။ ဒါပေမဲ့ ဘယ်နိုင်ငံအတွက်မဆို ဒါက အံ့ဩစရာပါပဲ" ဟု သူမက ပြောသည်။ 

UNDP အစီရင်ခံစာကို ၂၀၂၃ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလအတွင်း လူ (၁၂,၀၀၀) ကို မေးမြန်းခဲ့မှုအပေါ် အခြေခံထားခြင်း ဖြစ်ပြီး မကြာသေးမီ နှစ်များအတွင်း ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အကြီးမားဆုံး စစ်တမ်းများအနက် တစ်ခုဖြစ်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးတွင် ဆင်းရဲမွဲတေမှု တိုးလာစဥ် စစ်ပွဲဖြစ်ပွားရာ ဒေသများတွင် နေထိုင်ကြသည့် မြန်မာပြည်သူများမှာ ပိုမို၍ ခိုးကိုးရာမဲ့ အခြေအနေ ရောက်ခဲ့ကြရပြီး အမျိုးသမီးများနှင့် ကလေးငယ်များ အချိုးမညီမျှစွာပင် ထိခိုက်ခံစားကြရသည်။ 

အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲသော တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်းကာ မြန်မာစစ်တပ် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။

နိုင်ငံအနှံ့ ဖြစ်ပွားနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများတွင် အကြီးအကျယ် ရှုံးနိမ့်မှု ကြုံလာရသည့် မြန်မာစစ်တပ်က ပြည်သူများကို လေကြောင်းနှင့် လက်နက်ကြီးဖြင့် ရက်စက်စွာ တိုက်ခိုက်ခဲ့သည့်အပြင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများလည်း လုပ်ဆောင်ခဲ့ရာ ပြည်သူ (၃) သန်းနီးပါးမှာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

Source: CNN