ဝါတာနာဘီ သားအဖ ဘယ်လဲ ဘာလဲ၊ ဂျပန် မြန်မာ အသင်းဘယ်လဲ ဘာလဲ 

ဝါတာနာဘီ သားအဖ ဘယ်လဲ ဘာလဲ၊ ဂျပန် မြန်မာ အသင်းဘယ်လဲ ဘာလဲ 

ဂျပန်မြန်မာ အသင်း အထွေထွေအတွင်းရေးမှူး ယူစူကဲ ဝါတာနာဘီ က The National Interest  အပါအဝင် နိုင်ငံတကာ မီဒီယာတစ်ချို့ မှာ အချက်အလက်အမှားတွေ နဲ့ လိုရာဆွဲကာ စစ်ကောင်စီဘက်က ရပ်တည်ပြီး ဂျပန်အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေကို ဦးတည်ရေးနေတဲ့ လော်ဘီဆောင်းပါးတွေကို သတိထားဖို့လိုပါတယ်။

ရုရှနဲ့ အထူးသဖြင့် တရုတ်တို့က မြန်မာပြည်အပေါ် လွှမ်းမိုးလာမှုကို ဟန့်တားရန်ဆိုပြီး ဂျပန်အစိုးရ၊ အာစီယံနိုင်ငံများ၊ အမေရိကန် နဲ့ အီးယူတို့အား မြန်မာစစ်ကောင်စီကို ထောက်ခံရန်လိုကြောင်း နှပ်ကြောင်းပေးရေးသားထားပုံက ဖက်ဆစ်တွေရဲ့ ဝါဒ ဖြန့်ချိရေး နည်းနာတွေအတိုင်းပါပဲ။

ဒီလိုအမြင်ဟာ  မြန်မာစာဖတ်ပရိတ်သတ်အတွက်တော့ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံကို ကျူးကျော်ပြီး မြန်မာစစ်တပ်ကို မွေးဖွားပေးခဲ့တဲ့ ဖက်စစ်ဂျပန်တပ်ကို သတိရစေတယ်။ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်က မြန်မာပြည်ကို ကျူးကျော်သိမ်းပိုက်တာ မြန်မာပြည်ကို အင်္ဂလိပ်လက်အောက်က လွတ်မြောက်စေလိုတာထက် တရုတ်မြန်မာ ချူံကင်းလမ်းမကြီးကို စစ်ဗျူဟာအရပိတ်ဖို့က အဓိက ပိုကျခဲ့တယ်။ မြန်မာစစ်တပ်ဟာ ဖက်ဆစ်တို့ရဲ့ ကြမ်းကြုတ် ရက်စက်တဲ့ လုပ်နည်းလုပ်ဟန်တွေ ဒီနေ့အချိန်ထိ အမွေဆက်ခံ ကျင့်သုံးနေသေးတာကို ဝါတာနာဘီ အငယ် ရဲ့ ဆောင်းပါးက ထပ်မံသတိရစေပါတယ်။

မြန်မာစစ်တပ်ဟာ လွတ်လပ်ရေးရကတည်းက တိုင်းရင်းသားတွေ၊ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြ မင်းသားခေါင်းစွပ်ပြီး ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်လာတာတွေဟာ အခုနွေဦးတော်လှန်ရေးမှာ မင်းသားခေါင်းကျွတ်ပြီး ဖက်ဆစ်ဘီလူးရုပ်ပေါ်လာခဲ့ပြီပဲ။ ဒါကို ဂျပန်မြန်မာ အသင်းက ဝါတာနာဘီ သားအဖဟာ မင်းသားခေါင်း ပြန်စွပ်ပေးဖို့ကြိုးစားနေတာ။ 



ဝါတာနာဘီ အငယ်ဟာ သူ့ဆောင်းပါးထဲမှာ မြန်မာတစ်ဝန်း လှည်းနေလှေအောင်းမြင်းစောင်းမကျန် တိုင်းရင်းသားပြည်သူတွေရဲ့  ခုခံတွန်းလှန်စစ်ကိုလည်း အကြမ်းဖက်ဝါဒကျင့်သုံးတဲ့ ဆူပူသောင်းကျန်းသူတွေလို့ စော်ကားတယ်။ နွေဦးတော်လှန်ရေး အစောပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူတွေကိုလည်း မည်ကာမတ္တငြိမ်းချမ်းစွာပဲ နောက်ပိုင်း အကြမ်းဖက်ကြတယ်လို့ တရားလက်လွတ်ဝိဂြိုလ်ပြုထားသေးတယ်။

NUG အစိုးရထဲမှာလည်း ပေကျင်းအထောက်ပံ့ခံ ဗမာပြည်ကွန်မြူနစ်ပါတီက လူတွေပါတယ်လို့ အခြေအမြစ်မဲ့ စွပ်စွဲထားတာဟာ   မြန်မာစစ်တပ်က အရင်ခေတ်တွေမှာ အတိုက်အခံတွေ ကျောင်းသားကျောင်းသူတွေကို နှိပ်ကွပ်ချင်ရင် ကွန်မြူနစ်လို့ တံဆိပ်ကပ်လိုက်တဲ့လေ နဲ့ တစ်သံတည်းပဲ။

ဂျပန်မြန်မာအသင်းဥက္ကဌဖြစ်သူ သူ့ရဲ့ အဖေ ဟိဒဲအို ဝါတာနာဘီက မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့သူဖြစ်တဲ့အတွက် ဂျပန်လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ တိုက်တွန်းတဲ့အကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ရိုက်တာ သတင်းဆောင်းပါးမှာ ဖော်ပြခဲ့တယ်။

အသက် ၈၇ နှစ်အရွယ် ဟိဒဲအို ဝါတာနာဘီဟာ မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့  ဒေါ်လာ ၄၂ သန်း လောက် တန်ကြေးရှိ စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးထားသူဖြစ်တယ်။ ဒါကြောင့် သူတို့သားအဖ စစ်တပ် လော်ဘီလုပ်နေတာဟာ အဆန်းတော့ မဟုတ်ပါဘူး။  မြန်မာ စစ်တပ်ကို ထောက်ခံဖို့ ဝါတာနာဘီ သားအဖတို့ရဲ့ စကားတွေဟာ ဂျပန်အစိုးရ တရားဝင်ရပ်တည်မှုနဲ့ ဆန့်ကျင်ပါတယ်။

ဂျပန်အစိုးရက မြန်မာနိုင်ငံကို ကူညီမယ့် အကူအညီအထောက်အပံ့အသစ်တွေအားလုံး စစ်အာဏာသိမ်းပြီးကတည်း ဖြတ်တောက်ထားပြီးပါပြီ။ ဒါပေမဲ့ ဂျပန်နိုင်ငံ နိုင်ငံခြားရေး မူဝါဒဟာ တရုတ်ပြည်ကို အမြဲအခြေပြုပြီးစဉ်းစားလေ့ရှိတဲ့အတွက် မြန်မာပြည် ကို တရုတ်ဩဇာလွှမ်းမှာ အလွန်စိုးရိမ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံကို ၂၀၁၉ ကတည်းက ဂျပန်က Official Development Assistance (ODA) ဆိုပြီး ကူညီနေတာ ဂျပန်ယန်းငွေ ၁၈၉ ဒဿမ ၃ ဘီလီယံ ရှိပါတယ်။ တရုတ်နိုင်ငံက ဘယ်လောက်ထည့်ဝင်နေသလဲဆိုတာ ပွင့်လင်းမြင်သာမှု ဘယ်သောအခါကမှ မရှိခဲ့ပေမဲ့ တရုတ်ပြီးရင် ဂျပန်ဟာ ဒုတိယလိုက်တာတော့ သိရပါတယ်။ ဒါကို အောက်ဖော်ပြပါလင့်ခ်ထဲမှာ ဝင်ဖတ်နိုင်ပါတယ်။ ( https://bit.ly/3ErmH7B )

တရုတ်နဲ့ပါတ်သက်ပြီး ဂျပန့် အားနည်းချက်ကို ဝါတာနာဘီသားအဖက ကောင်းကောင်း အသုံးချ ချင်သလို မြန်မာစစ်တပ်ကလည်း ဂျပန်တို့ အမေရိကန်တို့ အနေနဲ့ သူတို့ကို မထောက်ခံဘူးဆိုရင် တရုတ်ကို ပြေးကပ်တဲ့ ကစားကွက်မျိုး ကစားချင်တုန်းပါပဲ။ ဒီကစားကွက်မျိုး အရင် ခေတ်တွေတုန်းက ကစားနိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ တရုတ်က မြန်မာစစ်တပ်အပေါ် သိပ်မျက်နှာသာမပေးတဲ့အပြင် NLD ပါတီရဲ့ ဆက်လက်တည်ရှိမှုအတွက် စစ်တပ်ကို ဖိအားပေးတာမျိုးတွေ လုပ်တာ၊ မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ အထူးသဖြင့် ကိုးကန့်အဖွဲ့ နဲ့ အရင်ကထက် ပိုထဲထဲဝင်ဝင် ဖြစ်လာတာကို တွေ့ နေရတယ်။ 

 

ဝါတာနာဘီအကြီးက မင်းအောင်လှိုင်ရဲ့ စစ်တပ် အာဏာသိမ်းတာဟာ တရားဥပဒေနဲ့ ညီပါတယ်လို့ မြန်မာနိုင်ငံကအပြန် ၂၀၂၁ ဇွန်လထဲမှာ ပြောကြားမှုတွေကြောင့် ဂျပန်မြန်မာအသင်းက ဂျပန်စီးပွားရေးကုမ္ပဏီ ကြီးတွေဟာ တွေဝေသွားခဲ့ကြတယ်။

ဝါတာနာဘီအကြီးက မင်းအောင်လှိုင်ရဲ့ စစ်တပ် အာဏာသိမ်းတာဟာ တရားဥပဒေနဲ့ ညီပါတယ်လို့ မြန်မာနိုင်ငံကအပြန် ၂၀၂၁ ဇွန်လထဲမှာ ပြောကြားမှုတွေကြောင့် ဂျပန်မြန်မာအသင်းက ဂျပန်စီးပွားရေးကုမ္ပဏီ ကြီးတွေဟာ တွေဝေသွားခဲ့ကြတယ်။ အနည်းဆုံး ဂျပန်ကုမ္ပဏီ ၆ ခုဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှုတွေနဲ့  မပါတ်သက်ချင်လို့  ဂျပန်မြန်မာ အသင်းထဲကနေထွက်သွားခဲ့ကြတယ်။

တိုယိုတာကားကုမ္ပဏီဆို စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံက ထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။

ဒါပေမဲ့ ဂျပန်စစ်တပ်ထဲမှာ အခုချိန်ထိ မြန်မာစစ်တပ်က အရာရှိငယ်တစ်ချို့  စစ်သင်တန်းတက်နေတာ၊ ဂျပန်စီးပွားရေးလုပ်ငန်းတစ်ချို့ နဲ့ ဘဏ်တစ်ချို့ ဟာ မြန်မာစစ်တပ်နဲ့ပါတ်သက်တဲ့ လုပ်ငန်းတွေနဲ့ ဆက်လက်လုပ်ကိုင်နေတာကိုလည်း Justice For Myanmar အဖွဲ့က ထောက်ပြဝေဖန်ထားတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ထောင် လောက်ဟာ တိုကျိုမြို့ က ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ မှာ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ၊ မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဂျပန်နိုင်ငံသားတွေ သတိပြုမိလာစေဖို့ စုရုံးဆန္ဒပြခဲ့ကြပါသေးတယ်။ ဒါကို တစ်ချို့သောဂျပန်လူမျိူးတွေဟာ စာနာနားလည်ကြပေမဲ့ ဂျပန်အများစုကတော့ သူတို့ဂျပန်နိုင်ငံက ကိစ္စတွေကလွဲရင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာ ဖာသိဖာသာပဲလို့ ဂျပန်ပညာတတ်တစ်ချို့ကမှတ်ချက်ပေးပါတယ်။



ဒါပေမဲ့ ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းတစ်ချို့ ဖြစ်တဲ့ Mekong Watch နဲ့ AYUS International Buddhist Cooperation Network တို့ကနေ Japan Ministry of Finance, the Ministry of Foreign Affairs, the Japanese International Cooperation Agency JICA, the Japan Bank For International Cooperation JBIC, Ministry of Land, Infrastructure, Transport, and Tourism ဌာနတွေဆီကို ဂျပန်ကနေ မြန်မာပြည်အတွက် ကူညီနေတဲ့ အထောက်အပံ့တွေဟာ (ODA အပါအဝင်) မြန်မာအကြမ်းဖက်စစ်တပ်လက်ထဲ ရောက်နေသလားဆိုတာ စိစစ်စုံစမ်းဖို့ တောင်းဆိုထားပါတယ်။ 

ဂျပန်မြန်မာအသင်းရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်သူ ယူစူကဲ ဝါတာနာဘီက မြန်မာနိုင်ငံဟာ အီရတ်တို့ ၊ဆီးရီးယားတို့၊ အာဖဂန်နစ္စတန်တို့လို ကျရှုံးနိုင်ငံ မဖြစ်ဖို့ မြန်မာစစ်တပ်ကို ဂျပန်အနေနဲ့ ထောက်ခံရေးဟာ အရေးကြီးကြောင်း ဘယ်လိုပဲ ပြောနေ ပြောနေ မြန်မာနိုင်ငံ မှာ လွတ်လပ်ရေးရကတည်းက မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးရဲ့ အဓိက တရားခံဟာ ဖက်ဆစ်ဂျပန်စစ်တပ်ရဲ့အမွေ မြန်မာစစ်တပ်ကြောင့်ဆိုတာ တစ်နေ့ ထက်တစ်နေ့ သိလာနေရတာကိုတော့ ဘယ်သူမှ ငြင်းမရတဲ့ အမှန်တရားတစ်ခုပါပဲ။

ဆောင်းပါး - စာဖတ်သူတစ်ဦး