စစ်ကောင်စီလော်ဘီ မဘသအဖွဲ့ဝင် သတင်းသမားအမည်ခံ နောင်တော်လေး ဆိုသူကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးပြီး ပြန်လွတ်

စစ်ကောင်စီလော်ဘီ မဘသအဖွဲ့ဝင် သတင်းသမားအမည်ခံ နောင်တော်လေး ဆိုသူကို စစ်ကောင်စီက ဖမ်းဆီး စစ်ဆေးပြီး ပြန်လွတ်
ဧပြီ 4, 2024 | 2021 Military Coup

စစ်ကောင်စီ လော်ဘီလည်းဖြစ် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ(မဘသ)လည်းဖြစ်သူ သတင်းသမားအမည်ခံ နောင်တော်လေး ဆိုသူကို စရဖ(စရတ)က  စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ   ၂၀၂၄ခုနှစ် ဧပြီလ(၄)ရက်နေ့ အကူးပိုင်းအချိန်တွင် ဖမ်းဆီးသွားပြီးနောက်  နံနက်တွင်ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းခြင်းကိုထောက်ခံသည့် မဘသ ခေါင်းဆောင် ဦးဝီရသူ၏ တပည့်လည်းဖြစ်ပြီး စစ်ကောင်စီ အတွက် လော်ဘီလုပ်ပေးနေသည့် နောင်တော်လေး ဆိုသူကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် အတွက် စစ်ကောင်စီလော်ဘီများအကြား ဝေဖန်မှုမြင့်တက်နေသည်။

“သူဖမ်းခံရတာ ဟုတ်တယ်။ ပြန်လွတ်လာပြီ။ ဘာလို့ဖမ်းတာလဲ မသိရသေးဘူး။”ဟု နောင်တော်လေးနှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကို ပြောသည်။ 

နောင်တော်လေးသည် ယခင်က သတင်းဌာနတချို့တွင် လုပ်ကိုင်ဖူးပြီး ပြည်တွင်းလူမျိုးရေးပဋိပက္ခတွင် တောင်ဒဂုံမြို့နယ်ရှိ မဘသဘုန်းကြီးကျောင်းဖြစ်သည့် မကွေးကျောင်းတိုက်တွင်  ဦးပါမောက္ခထံ သွားရောက်ကပ်နေရာ က မဘသအဖွဲ့ဝင်ဖြစ်လာပြီး စစ်တပ်ထောက်ခံသည့် ဆန္ဒပြပွဲများ၊ NLD ကန့်ကွက်ပွဲများတွင် လိုက်ပါဆန္ဒပြခဲ့သူဖြစ်သည်။ 

 စစ်ကောင်စီကိုထောက်ခံသူ People Media အယ်ဒီတာချုပ် ကျော်စိုးဦး ကို ပြီးခဲ့သည့် မတ်လ(၁၉)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ပြန်လွှတ်ပေးခဲ့သေးသည်။