မင်းပြားရှိ မြစ်နားရွာကို စစ်ကောင်စီတပ်က ဗုံးကြဲရာ ဒေသခံ ၃ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

မင်းပြားရှိ မြစ်နားရွာကို စစ်ကောင်စီတပ်က ဗုံးကြဲရာ ဒေသခံ ၃ ဦးသေဆုံး ၈ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မြစ်နားရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၃)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်နှင့် ဗုံးကြဲရာ ဒေသခံ(၃)ဦး သေဆုံးပြီး ကလေးတစ်ဦးအပါ (၈)ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသွားသူများမှာ မြစ်နားရွာမှ မသိန်းဦးစိုး (၂၃)နှစ်၊ မဆွေဆွေထွန်း (၂၈)နှစ်နှင့် ဒေါ်ဦးကြည်အေး (၄၈)နှစ်တို့ဖြစ်သည်ဟု သိရသည်။

"င/စရိုင်းချောင်းကျွန်း မြစ်နားကျေးရွာကို ဂျက်ဖိုင်တာနဲ့ ဗုံးလာကြဲတာ။ ရွာသား(၃)ဦးသေတယ်။ (၈)ဦးဒဏ်ရာရတယ်။ မနက်(၄) နာရီခွဲလောက်မှာ ဗုံးကြဲတာ။ ဒဏ်ရာပြင်းထန်တဲ့ လူတချို့ထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သည် မြစ်နားရွာကို တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံး ကြဲချသွားရာ ဗုံးသီး(၁)လုံးမှာ ဒေါ်ဦးကြည်အေး အိမ်သို့လည်းကောင်း အခြားတစ်လုံးမှာ ဒေါ်ဦးကြည်အေးနှင့် သမီးဖြစ်သူ မသိန်းဦးစိုးတို့ရှိ‌ရာနေရာသို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရသူများမှာ မောင်အောင်မျိုးခိုင် (၂)နှစ်၊ မလှလှစော (၁၇)နှစ်၊ မသန်းသန်းဆွေ (၂၄)နှစ်၊ ဒေါ်လှသိန်းကြည် (၄၃)နှစ်၊ ဦးလှမောင် (၄၆)နှစ်၊ ဦးမောင်အောင်မြင့် (၅၀)နှစ်၊ ဒေါ်လှသိန်းခိုင် (၅၄)နှစ်နှင့် ဦးကျော်လှဦး (၅၈)နှစ်တို့ဖြစ်‌ကြောင်း သိရသည်။

ဗုံးကြဲခံရသဖြင့် နေအိမ်(၈)လုံးပျက်စီးပြီး စပါးကျီတလုံး၊ စပါးတင်း(၁၀၀၀)ကျော် ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ