ပန်းဆိုင်ရဲများနှင့်ပေါင်းကာ လူသတ်၊ ပြန်ပေးဆွဲသူ မုံးကိုးပြည်သူ့စစ် (၃)ဦးအပါ (၄)ဦးကို MNDAA က ထောင်ချ

ပန်းဆိုင်ရဲများနှင့်ပေါင်းကာ လူသတ်၊ ပြန်ပေးဆွဲသူ မုံးကိုးပြည်သူ့စစ် (၃)ဦးအပါ (၄)ဦးကို MNDAA က ထောင်ချ

အာဏာသိမ်းစစ်ကောင်စီ၏ ပန်းဆိုင်ရဲများနှင့်ပေါင်းကာ လက်နက်ကိုင်ပြန်ပေးဆွဲခြင်းနှင့် ရာဇဝတ်မှုများကို ကျူးလွန်ခြင်းကြောင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်(၃)ဦးအပါ ရာဇဝတ်ဂိုဏ်းသား(၄)ဦးကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)က ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၆)ရက်နေ့တွင် ထောင်ဒဏ်များချ၍ ပိုင်ဆိုင်မှုများသိမ်းဆည်းလိုက်ကြောင်း သိရသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ ပန်းဆိုင်ဒေသနှင့် ဘေးပတ်ဝန်းကျင်ဒေသတို့တွင် ၎င်းတို့သည် စစ်ကောင်စီ၏ ပန်းဆိုင်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ တရုတ်လူမျိုးများကို အဓိက ပစ်မှတ်ထား၍ အိမ်ထောင်စုစာရင်းစစ်မည် အကြောင်းပြ၍ အမှုဆင်ဖမ်းဆီးမှုများ အပါအဝင် အခြားအမှုများ ဖန်တီးလုပ်ဆောင်ကာ ဖမ်းဆီး၍ ပြန်ပေးငွေများ ရယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။



NMDAAမှ အဆိုပါ အဖွဲ့နှင့် ပတ်သတ်၍ ၂၀၂၂ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးအချိန်အတွင်း ကျူးလွန်ခဲ့သည့် အမှုပေါင်း (၁၃)မှုကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အမှုများတွင် ၄င်းတို့မှ တရုတ်လူမျိုး (၁၄)ဦးအား ပြန်ပေးဆွဲရာမှ စုစုပေါင်း တရုတ်ငွေ (၅၇၈,၀၀၀) နှင့် မြန်မာငွေကျပ်သန်း (၅၇၀) ရရှိခဲ့ပြီး ရဲများနှင့် ခွဲဝေအသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။



ရာဇဝတ်ဂိုဏ်းတွင်ပါဝင်သည့် လီအင်ဖူ၊ ဟုတ်ချင်ပန်း၊ ရန်မင်ဟွေ နှင့် အိုက်မောင် တို့တွင် လီအင်ဖူ၊ ဟုတ်ချင်ပန်နှင့် ရန်မင်ဟွေ တို့မှာ စစ်ကောင် စီတပ်ဖွဲ့လက်အောက်မှ မုံးကိုးပြည်သူ့စစ်အဖွဲ့ဝင်များဖြစ်သည်ဟု The Kokang ၏ ဖော်ပြချက်အရသိရသည်။



အဆိုပါ အမှုများနှင့် ပတ်သတ်၍ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) ယာယီတရားခုံရုံး ဥပဒေများအရလီအင်ဖူကို ထောင်ဒဏ်(၁၀)နှစ်၊ ဟုတ်ချင်ပန်နှင့် ရန်မင်ဟွေ တို့ကို ထောင်ဒဏ်(၈)နှစ်စီနှင့် အိုက်မောင် ကို ထောင်ဒဏ်(၃)နှစ်ချမှတ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ဥစ္စာပစ္စည်းများအား သိမ်းယူလိုက်ကြောင်း သိရသည်။



#TachileikNewsAgency

Photo : The Kokang