မြန်မာဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၁၂)လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရ 

မြန်မာဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (၁၂)လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပိုင်နက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ရိုဟင်ဂျာ (၁)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရ 
စက်တင်ဘာ 18, 2022 | အခြားဒေသများ
By Mr John

မြန်မာနိုင်ငံဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် (၁၂)လုံး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ရိုဟင်ဂျာများထဲက အသက် (၁၅) နှစ်အရွယ် ရိုဟင်ဂျာယောက်ျားလေးတစ်ဦး သေဆုံးပြီး အနည်းဆုံး (၆) ဦး ဒဏ်ရာရခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရအရာရှိများနှင့် ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးက ပြောသည်။ 

စက်တင်ဘာလ (၁၆) ရက် ည(၈)နာရီကျော်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ရှိ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ဘင်ဒရိုခရိုင်၊ ခေါင်းတုံးဒေသအတွင်း အခြေချနေထိုင်မှု မရှိသည့် ကမ်းမြောင်နေရာတစ်ခုတွင် အာဏာသိမ်း စစ်တပ်ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက်(၁၇)နှစ်အရွယ် MD iqbal အမည်ရှိ ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပြီး (၅)ဦးမှာ ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ကြောင်း ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူက ဆိုသည်။

ထိုကမ်းမြောင်နေရာတွင် ခန့်မှန်းခြေအားဖြင့် ရိုဟင်ဂျာ (၄,၀၀၀) နေထိုင်လျက်ရှိကြောင်း သိရသည်။ 

မြန်မာဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ နေရာပေါင်း (၅)နေရာတွင် စုစုပေါင်း (၁၂)လုံး ကျရောက် ပေါက်ကွဲသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျူးကျော်စစ်ကို တန်ပြန် ခုခံ တိုက်ခိုက်နေသည့် ရက္ခိုင့်တပ်တော်(AA)က "နိုင်ငံအတွင်း စစ်ရေး၊ နိုင်ငံရေး အဖက်ဖက်မှ ကျဆုံးနေပြီး အရူးမီးဝိုင်းဖြစ်နေသည့် စစ်ကောင်စီတပ်သည် အရပ်ဖက်၊ စစ်ဖက်များကို မခွဲခြားဘဲ မဆင်မခြင် ရမ်းသမ်းပစ်ခတ်နေပြီး ယင်းသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နယ်စပ်ဒေသရှိ ပြည်သူများ ဒုက္ခရောက်နေကြရသလို ဘင်္ဂလားဒေ့ရှိနိုင်ငံအထိပါ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် သေဆုံးမှုများအထိ ရှိခဲ့ကြောင်း" စက်တင်ဘာလ(၁၇)ရက်နေ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အလားတူ အာဏာသိမ်း စစ်ကောင်စီဘက်က ရှိ ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ဘင်ဒရိုခရိုင်၊ ခေါင်းတုံးဒေသအတွင်း လက်နက်ကြီး ကျည် ကျရောက်မှုနှင့် ပတ်သက်ပြီး "AA အဖွဲ့နှင့် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်အဖွဲ့ ပူးပေါင်း၍  မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်နိမိတ် နယ်စပ်ခြံစည်းရိုးအနီးမှနေ၍ လုံခြုံရေးရဲကင်း စခန်းများအား  လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ကျည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲရာ အဆိုပါ လက်နက်ကြီး ကျည်များမှာ စစ်ကောင်စီတပ်ဘက်က မဟုတ်ဘဲ AA နှင့် ARSA တို့၏ လက်နက်ကြီးများဖြစ်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများကနေပါ ဖော်ပြထားသည်လည်း တွေ့ရသည်။ 

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံတပ်များသည် မြေပြင်အခြေအနေများကို အထက်ဌာနှင့် အောက်ဌာနအကြား ၎င်းတို့၏ အကျိုးအမြတ်အတွက် အမှန်တင်ပြလေ့မရှိဘူးဟုလည်း သိထားရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် ဖိနှိပ်ဖြိုခွင်းမှုကြောင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမွတ်စလင်မ် (၁) သန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်  (Arakan Army - AA) တို့အကြား တိုက်ပွဲများအတွင်း ရိုဟင်ဂျာများ ကြားညပ်ပိတ်မိနေခဲ့ကြသည်။ 

"ကျွန်တော်တို့က ဒီမှာ အမြဲတမ်း စိုးရိမ်ပူပန်ပြီး နေ နေကြရတယ်။ အချိန်မရွေး ဒုက္ခကြုံနိုင်တယ်" ဟု Mohammed က Reuters သတင်းဌာနကို ဖုန်းဖြင့်ပြောသည်။ 

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာကို အပြင်းအထန် ကန့်ကွက်ပြောဆိုမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးနှင့် နယ်ခြားစောင့်တပ်အရာရှိက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်မှု၊ နယ်စပ်ဧရိယာများတွင် မြန်မာဘက်မှ မဆင်မခြင် လေကြောင်းတိုက်ခိုက်မှုနှင့် မြန်မာဘက်မှ လေပိုင်နက်ချိုးဖောက်မှုတို့ကို အလေးအနက် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယခုလအတွင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။ 

လတ်တလော ရက်သတ္တပတ်များအတွင်း ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို (၃) ကြိမ် ဆင့်ခေါ်ပြီး ထိုစိုးရိမ်မှုများကို အသိပေးခဲ့ကြောင်းလည်း သိရသည်။

Source: Reuters, AA, KM, MAL