ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ (၅)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၃၃)ဦး သေဆုံး

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် AA တို့ (၅)ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၃၃)ဦး သေဆုံး

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၄ ခုနှစ် မတ်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ရာ အာဏာသိမ်း စစ်ကောင်စီတပ်ဘက်က (၃၃)ဦးသေဆုံးပြီး ၎င်းတို့၏ လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

မတ်လ (၂၅) ရက်နေ့၊ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ ကျောက်ဖြူတောင်ရွာအနီး ဘူးသီးတောင် - မောင်တောကျော်လမ်း၌ စစ်ကောင်စီတပ်၏ ဘူးသီးတောင်ဗျူဟာ လက်အောက်ခံ၊ ခလရ (၂၃၄)တပ်ရင်းမှ အင်အား (၅၀)ဝန်းကျင်နှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား (၈)ဦး သေသည်ဟု ဆိုသည်။

ယင်းနေ့တွင်ပင် ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တောင်ဘဇာစခန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။

မတ်လ(၂၆)ရက်နေ့တွင် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ် လုံးကျေးရွာအနီး၌ ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ (၃၄၆)၊ တခြားတပ်များမှ စုပေါင်းထားသောစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သည် ဒရုန်း၊ လေကြောင်းပစ်ကူနှင့် မြေပြင်လက်နက်ကြီးပစ်ကူများပေး၍ တိုက်ခိုက်ခဲ့သသည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၁၅)ဦးသေပြီး ၎င်းတို့၏ လက်နက်ခဲယမ်းအချို့ကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

ယင်းနေ့တွင်ပင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ် အင်အား (၄၀)ခန့်ပါ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ် သား (၄)ဦးသေဆုံးကြောင်း သိရသည်။

ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင်လည်း ငဖဲမြို့နယ်၊ ချောင်းဖျားရွာအနီး တောင်ကြော၌ အင်အား (၅၀)ဦးခန့်ပါ စစ်ကောင်စီတပ်စနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၆)ဦးသေကာ ၎င်းတို့၏ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

မတ်လ (၂၈)ရက်နေ့တွင်ပင် မြေပုံမြို့နယ်၊ လီသွန်ကျေးရွာအနီးတောင်ကြော၌ စစ်ကောင်စီ၏ အမှတ်(၃) နည်းဗျူဟာစစ်ဆင်‌ ရေးကွပ်ကဲမှုလက်အောက်ခံ ခမရ (၅၆၃)တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရက္ခိုင်တပ်တော်သည် မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်အရှိန်ကိုမြှင့်ကာ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း  လေ ကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားဖြင့် မရပ်မနား ခုခံနေ သည်ဟု သိရသည်။