မြိုင်ပကဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးသဖြင့် ရဲဘော်တစ်ဦးကျဆုံးကာ လက်နက်ခဲယမ်းတချို့ဆုံးရှုံး

မြိုင်ပကဖ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးသဖြင့် ရဲဘော်တစ်ဦးကျဆုံးကာ လက်နက်ခဲယမ်းတချို့ဆုံးရှုံး

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်ရှိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ်ပူးပေါင်း ပျူစောထီးများက ဝင်ရောက်တိုက်ခိုက်ရာ ရဲဘော်တစ်ဦးကျဆုံးပြီး လက်နက်ခဲယမ်းတချို့ ဆုံးရှုံးသွားကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ကန်နီရွာ ပျူစောထီးများနှင့် စစ်ကောင်စီတပ်များသည် အင်အား(၁၅၀)ဝန်းကျင်ဖြင့် ကန်နီရွာ  မြောက်ဘက်(၂)မိုင်ခန့်အကွာရှိ တောင်ဘို့လမ်းခွဲမှ မြိုင် ပကဖ တပ်စခန်းငယ်ကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို စခန်းရှိ ပကဖ တပ်ဖွဲ့ဝင် (၄)ဦးမှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှာ သာလွန်အင်အားဖြစ်နေသောကြောင့် စခန်းဆုတ်ခွာချိန်တွင် ရဲဘော် အရာတော်မှာ လက်မောင်းသို့ ကျည်ထိမှန်သွားပြီး အခြားတပ်ဖွဲ့ဝင်များ လွတ်မြောက်ရန် ခုခံပစ်ခတ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲဘော်အရာတော်မှာ အဆိုပါနေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး သေနတ်(၂)လက်နှင့် ကျည်ဘောက်(၅)ခု၊ ကျည်(၁၇၀)တောင့်၊ စကားပြောစက် (၇)လုံး၊ အီကွက်မန့် (၄)စုံနှင့် မော်တော်ယဥ် (၂)စီးတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကျဆုံးသွားခဲ့သော ရဲဘော်အရာတော်အား မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ယင်းနေ့ ညနေ(၅)နာရီအချိန်တွင် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: မြိုင်-ပကဖ