အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲအမည်ကို (၃)ကြိမ်တိုင်တိုင် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို လာရ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲအမည်ကို (၃)ကြိမ်တိုင်တိုင် မိန့်ခွန်းတွင် ထည့်သွင်းပြောဆို လာရ
မတ် 28, 2024 | 2021 Military Coup

နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များတွင် စစ်ရှုံးနေသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည်   ၂၀၂၄ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ တပ်မတော်နေ့ အခမ်းအနားတွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၏ အမည်ကိုပင်ထည့်သွင်းပြောဆိုပြီး ၎င်း၏ တပ်ဖွဲ့ဝင်များကို စည်းရုံးရေး စကားပြောနေရသည်။ 

တစ်နိုင်ငံလုံးအနှံ့ တပ်ရင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အားပေးထောက်ခံခြင်းမပြုကြရန်၊ ဆန့်ကျင်ရှုတ်ချရန် ပြောဆိုလာသည်။

စစ်ခေါင်းဆောင်သည် ပြည်သူ့ကာကွယ်ရေးတပ်၏ အမည်ကို (၃) ကြိမ်တိုင်တိုင် ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ပြီး ပထမအချက် တွင် EAO အချို့နှင့် PDF များက ရွေးကောက်ပွဲပျက်ပြားစေရန်နှင့် နှောင့်နှေးကြန့်ကြာစေရန် လုပ်ဆောင်နေသည်ဟု စွပ်စွဲသည်။

စစ်ခေါင်းဆောင်သည် ၎င်းကိုယ်တိုင် ရွေးကောက်ပွဲကို အလိုမရှိ၍ အာဏာသိမ်းထားခြင်းဖြစ်သဖြင့် ရွေးကောက်ပွဲပြုလုပ်မည်ဟု အကြိမ်ကြိမ်နေရာတိုင်းတွင် ထည့်သွင်းပြောဆိုနေခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ကို ထပ်မံပြောကြားသည့် ဒုတိယအချက်မှာ ၎င်းတို့အာဏာသိမ်းပြီးနောက် CRPH ဖွဲ့စည်းခဲ့သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးက(NUG)၊ ယင်းနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ထပ်ဖွဲ့ကာ ၎င်းတို့ထောက်ခံသူများကို လက်နက်ကိုင်ဆူပူအုံကြွမှုလုပ်ဆောင်ရန် တွန်းအားပေးလာသည်ဟု စွပ်စွဲသည်။

စစ်တပ်အာဏာသိမ်းစဉ်က လက်နက်နှင့် ပစ်ခတ်ဖြိုခွင်းခံရခြင်းကြောင့် မခံမရပ်နိုင်သည့် ပြည်သူများ၊ လူငယ်များက လက်နက်ကိုင်တော်လှန်လာသည့် အချက်ကို စစ်ခေါင်းဆောင်က ထိန်ချန်ပြောဆိုသွားသည်။  

တတိယအကြိမ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏အမည်ကို စစ်ခေါင်းဆောင်ကပြောဆိုရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် CRPH၊ NUG၊ PDF နှင့် NLD တို့ကို အားပေးထောက်ခံမှု မပြုသင့်ဟု ပြောဆိုသွားခြင်းဖြစ်သည်။

အဆိုပါအဖွဲ့များအား ထောက်ခံအားပေးမှု မပြုရန် ပြောဆိုသည့် စစ်ခေါင်းဆောင်တွင် ၎င်းကိုထောက်ခံ အားပေးသည့် နိုင်ငံမှာ တရုတ်နှင့် ရုရှားနှစ်နိုင်ငံသာရှိပြီး အာဆီယံအသိုက်အဝန်းကပင် ပစ်ပယ်ခံထားရသည်။

လူမျိုးရေးမုန်းတီးမှုဖန်တီးပြီး မွတ်ဆလင်များကိုပင် စစ်တပ်သို့ အတင်းအဓမ္မစုဆောင်းနေသည့် စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လက်နက်ဖြင့် အကြောက်တရားကို ဖန်တီးပြီး လူသစ်စုဆောင်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် အပြင် လူမျိုးရေးမုန်းတီးမှုကိုလည်း ရှေ့တန်းတင် လှုံ့ဆော်နေသည်ဟု စွပ်စွဲသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကြောင့် ကာကွယ်ရေးအင်အားကို အထိုက်အလျောက်မြှင့်တက်စေမည်ဖြစ်ကာ ယင်းမှတဆင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုပြော သဖြင့် စစ်မှုထမ်းရသူများ ရှေ့တန်းမထွက်ရဟု မပါရှိပေ။

တပ်တွင်း စည်းရုံးရေးကျဆင်းနေကာ စစ်ရှုံးနေသဖြင့် အချင်းချင်းစည်းလုံးရန်၊ တပ်ဖွဲ့အချင်းချင်း စည်းလုံးရန် ခေါင်းဆောင်များအနေဖြင့် ကျစ်လစ်ခိုင်မာသည့် တပ်တွင်းစည်းလုံးရေးကို တည်ဆောက်ရန်ကိုပင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုလာရသည်ကို တွေ့ရသည်။

#TachileikNewsAgency