ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တင့်ကားများဖြင့် ထိုးစစ်ဆင်နေ

ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တင့်ကားများဖြင့် ထိုးစစ်ဆင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၂၇)ရက်နေ့အထိ နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က မြို့တွင်းကို တင့်ကားများ အပါအဝင် လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် ပြည်သူများ၏ အိုးအိမ်များ ပျက်စီးနေကြောင်း PNLA ထံမှ သိရသည်။ 

လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့အတွင်းသို့ ပြည်သူအချို့သည် အရဲစွန့်ကာ ဝင်ရောက်ရန် ကြိုးစားခြင်းများကြောင့် စစ်ကောင်စီနှင့် အပေါင်းအပါများက ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလုပ်ရာ ပြည်သူအချို့ ထိခိုက်သေဆုံးခြင်းနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးနေခြင်းများရှိသည်ဟု သိရသည်။ 

ဆီဆိုင်မြို့သည် တိုက်ပွဲဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ကျရောက်နေပြီး တိုက်ပွဲလည်း ပြင်းထန်နေသဖြင့် အရဲစွန့်ကာ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်ခြင်းများ လုံးဝမပြုလုပ်ရန်လည်း သတိပေးပြောဆိုထားသည်။ 

ထို့ကြောင့် ပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တရားဝင် သတင်းထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန်နှင့် တရားဝင်အသိပေးထုတ်ပြန်ခြင်းမရှိသေးဘဲ မြို့တွင်းသို့ အရဲစွန့် ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းထားသည်။ 

ထို့ပြင် မဲနယ်တောင်ဒေသသို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ရောက်ရှိနေသည့် ပအိုဝ်းကျေးရွာများတွင် ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို ဖျက်ဆီးခြင်း၊ ခိုးယူခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။ 

ယမန်နေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းသည် လုံးဒါကျေးရွာအတွင်းသို့ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို ခိုးယူသယ်ဆောင်ခဲ့ပြီး ယင်းကျေးရွာတွင်ပင် တပ်စွဲနေထိုင်ခဲ့ကာ လွယ်မောတောင်ဒေသကိုလည်း လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency