ဥပဒေမဲ့အရေးယူထားခြင်းမရှိဟုဆိုကာ စစ်ကောင်စီက ဂျိုးဘိုင်ဒင်နှင့် မိုဒီတို့၏ ထုတ်ပြန်ချက်ကို ကန့်ကွက်

ဥပဒေမဲ့အရေးယူထားခြင်းမရှိဟုဆိုကာ စစ်ကောင်စီက ဂျိုးဘိုင်ဒင်နှင့် မိုဒီတို့၏ ထုတ်ပြန်ချက်ကို ကန့်ကွက်

အာဏာသိမ်းစစ်ကောင်စီက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဥပဒေမဲ့ အရေးယူဆောင်ရွက်ထားခြင်းမရှိဟု ပြောဆိုကာ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့၏ မြန်မာ့အရေး ပူးတွဲကြေညာချက်ကို ကန့်ကွက်ကြောင်း ၂၀၂၃ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ မနေ့က ထုတ်ပြန်သည်။

၎င်းတို့၏ထုတ်ပြန်ချက်တွင် ပြစ်ဒဏ်ကျခံနေရသူ(၆၂,၈၁၈)ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၂) ရက်မှ ယနေ့အထိ သေဒဏ်ကျခံနေရသည့် စုစုပေါင်းအကျဉ်းသား (၅၉)ဦးကိုလည်း တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ပေါ့ပေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဘက်ကမူ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အာဏာ(၃)ရပ်ကို တာဝန်ယူထားသည့် အစိုးရအနေဖြင့် တရားစီရင်ရေး အာဏာကို ဥပဒေနှင့်အညီ ကျင့်သုံး၍ အကြမ်းဖက်လုပ်ရပ်များနှင့် ရာဇဝတ်မှုကျူးလွန်ထားသူများကိုသာ တည်ဆဲဥပဒေများနှင့်အညီ ပြစ်ဒဏ်ချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ(၂၃)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အသတ်ခံရသည့် ပြည်သူအရေအတွက်မှာ (၃,၆၉၂)ဦးအထိရှိနေပြီဟု သိရသည်။

ထို့အပြင် လူပေါင်း (၂၃,၄၄၁)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၎င်းတို့အနက် (၄,၃၄၅)ဦးကို ပြန်လွှတ်ပေးကာ (၁၉,၀၉၆)ဦးသည် ယခုချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်သည်ဟု သိရသည်။

ယင်းအထဲမှ လူပေါင်း (၆,၅၀၆)ဦးကို မတရားသဖြင့် ပြစ်ဒဏ်ချမှတ်ထားပြီး (၁၅၇)ဦးကို သေဒဏ်ချမှတ်ထားသည်ဟု သိရသည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် ဇွန်လ(၂၂)ရက်နေ့ က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရန်နှင့် ဥပဒေမဲ့ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency