စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းရှိ စစ်မှုထမ်းရန် မဲပေါက်ထားသူများကို စစ်ကောင်စီက အရေးပေါ်ခေါ်ယူနေ

စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းရှိ စစ်မှုထမ်းရန် မဲပေါက်ထားသူများကို စစ်ကောင်စီက အရေးပေါ်ခေါ်ယူနေ

စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်းရှိ စစ်မှုထမ်းရန် မဲပေါက်ထားသူများကို ၂၀၂၄ ခုနှစ် မတ်လ(၂၇)ရက်နေ့နှင့် မတ်လ(၂၈)ရက်နေ့တို့တွင် တိုင်းစစ်ကောင်စီရုံးသို့ အရောက်ပို့ဆောင်ပေးရန် အရေးပေါ် ညွှန်ကြားထားကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။ 

မဲပေါက်ထားသူများကို ရပ်ကျေးမှတဆင့် မြို့နယ်၊ ခရိုင်တို့မှ တိုင်းအဆင့် စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ပို့ဆောင်ပေးရန် ညွှန်ကြားထားကာ တကိုယ်ရေအသုံးအဆောင်နှင့် အဝတ်အစားများတပါးတည်း ယူဆောင်လာကြရန်လည်း ညွှန်ကြားထား‌ကြောင်း သိရသည်။

စစ်မှုထမ်းရန် အတည်ပြုပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးသွားပါက အစားထိုးရမည့်သူများကို ချက်ချင်းရှာဖွေ၍ ထပ်မံပို့ဆောင်ပေးရန်လည်း ညွှန်ကြားထားသည်ဟု ရပ်ကျေးအဖွဲ့ဝင်တချို့ထံမှ သိရသည်။ 

စစ်ရှုံးကာ အင်အားနည်းနေသည့် စစ်ကောင်စီသည် လူငယ်များအား အဓမ္မစစ်မှုထမ်းစေခိုင်းရန် မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေသော်လည်း ၎င်းတို့၏ သား၊ သမီးများကိုမူ စစ်မှုထမ်းခိုင်းခြင်းမရှိပေ။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံတွင် စစ်မှုထမ်းနိုင်သူ (၁၄)သန်းရှိနေပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို စစ်မှုထမ်းသက်တမ်း (၂)နှစ်နှင့် အရေးပေါ်အခြေအနေဆိုပါက (၅)နှစ်အထိ အဓမ္မစေခိုင်းနိုင်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက် အသက်ဝင်လာစေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီဆောင်ရွက်နေသော ဖက်ဆစ်အလိုတော်ရိများအားလုံးကို အကြမ်းဖက်စစ်ကောင်စီ၏ ခွေးသွားစိတ် ထောက်တိုင်များအဖြစ်သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက သတိပေးကာ အရေးယူလာသည်ကိုလည်း တွေ့ရသည်။

#TachileikNewsAgency