မကွေးမြို့တွင် ကဗျာဆရာမ ဧသုချိုအား ပြောစရာရှိလို့ဟုဆိုကာ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

မကွေးမြို့တွင် ကဗျာဆရာမ ဧသုချိုအား ပြောစရာရှိလို့ဟုဆိုကာ အာဏာသိမ်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား
ဒီဇင်ဘာ 10, 2021 | အခြားဒေသများ

မကွေးမြို့တွင်  ကဗျာဆရာမဖြစ်သူ မကွေးတက္ကသိုလ် ဒဿနိကဗေဒဌာန၏ တွဲဖက်ပါမောက္ခ ဒေါက်တာစုအေးဝင်းအား အာဏာသိမ်းစစ်တပ်က ပြောစရာရှိလို့ဟု ဆိုကာ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကဗျာဆရာမ ဧသုချို ဒေါက်တာစုအေးဝင်း ညက သူ့အိမ်မှာ အဖမ်းခံရပါတယ်။ ပြောစရာရှိလို့ဆိုပြီး တံခါး ဖွင့်ပေးလိုက်တာတဲ့ အိမ်ထဲဝင်ပြီး လက်တော့ပ်(ကွန်ပျူတာ)ရယ်၊ အရေးကြီး စာအုပ်(၂)အုပ်ရယ်။ လူရယ် ပါသွားတာပါ

ဟု မကွေးမြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ပြောသည်။

မကွေးမြို့၊ မြို့ဟောင်း အမှတ်(၆)၊ ကံ့ကော်လမ်းရှိ ၎င်း၏ နေအိမ်တွင် အာဏာသိမ်းစစ်တပ်နှင့်လက်အောက်ခံ ရဲတို့က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၉)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး လက်ရှိတွင် မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း နီးစပ်သူများထံက သိရသည်။ 

မကွေးတက္ကသိုလ် ဒဿနိကဗေဒဌာန၏ တွဲဖက်ပါမောက္ခ ဒေါက်တာစုအေးဝင်းသည် ဧသုချို အမည်ဖြင့် ကဗျာများရေးသားနေသည့် ကဗျာဆရာမတစ်ဦးလည်းဖြစ်ပြီး နိုင်ငံ့အာဏာကို စစ်တပ်က လက်နက်အားကိုးဖြင့်  သိမ်းလိုက်ပြီးနောက်တွင် CDM လုပ်ဆောင်လာသည် ဝန်ထမ်းများတွင် ပါဝင်လာသူလည်း ဖြစ်ကြောင်း သိရသည်။