စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်းကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟု AA ထုတ်ပြန်

စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်းကိုမဆို စစ်ကောင်စီဘက်တော်သားအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဟု AA ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတိုက်ပွဲဝင်နေသော မည်သည့်အဖွဲ့အစည်းကိုမဆို စစ်ကောင်စီ ဘက်တော်သားအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် စစ်ကောင်စီတပ်က မွတ်ဆလင်များအား အတင်းအကြပ် စစ်မှုထမ်းခိုင်းခြင်း၊ လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဆန္ဒပြခိုင်းခြင်းနှင့်ပတ်သက်၍ AAက ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနှိမ့်နေမှုကို အာရုံလွှဲရန် ထိလွယ်ရှလွယ်သော လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်ပေါ်စေရန် ယခုရက်များအတွင်း ပိုမိုအားစိုက်ကြိုးပမ်းနေသည်ဟု ဆိုသည်။

ထို့ကြောင့် ရက္ခိုင်ပြည်သူလူထုအနေဖြင့် စစ်ကောင်စီမှဖြစ်ချင်သည့် နိုင်ငံရေးထောင်ချောက်အတွင်းသို့ သက်ဆင်းမသွားစေရန် နိုင်ငံရေးအသိ၊ သမိုင်းထဲမှ အတွေ့အကြုံ၊ သင်ခန်းစာများဖြင့် သတိထားနေထိုင်ကြရန်၊ စစ်ကောင်စီ၏ လုပ်ရပ်များကို သတိထားစောင့်ကြည့်ကြရန် အသိပေးထားသည်။

စစ်ရှုံးစစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး လူမျိုးပေါင်းစုံကို အတင်းအဓမ္မ စစ်သားသစ်စုဆောင်းသည့် လုပ်ရပ်များအား ပြုလုပ်နေကာ စုဆောင်းခံရသည့်အထဲတွင် မွတ်ဆလင်များလည်း အပါအဝင်ဖြစ်ပြီး လွန်ခဲ့သည့်ရက်ပိုင်းက ဘူးသီးတောင်တိုက်ပွဲတွင် မွတ်ဆလင်များကို ထည့်သွင်းအသုံးပြုသည်ကို တွေ့ရသည်ဟု သိရသည်။

မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော နိုင်ငံရေးရည်မှန်းချက်များကို အမြဲတမ်းလေးစားထောက်ခံပြီး မြန်မာပြည်တွင်းမှ တိုင်းရင်းသားညီအစ်ကိုများ၏ အကောင်းဆုံးသော ညီအစ်ကိုမိတ်ဆွေအဖြစ် ခိုင်မာစွာ ရပ်တည်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : AA Info Desk