ညောင်ဦးမြို့တွင် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် ဒေသခံ (၅၀)ဝန်းကျင် ဖမ်းဆီး နှိပ်စက်ခံနေရ

ညောင်ဦးမြို့တွင် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် ဒေသခံ (၅၀)ဝန်းကျင် ဖမ်းဆီး နှိပ်စက်ခံနေရ
ဖေဖော်ဝါရီ 3, 2022 | အခြားဒေသများ

 ညောင်ဦးမြို့တွင် ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီသတင်းပေး အုပ်ချုပ်ရေးမှူးဟောင်း အသတ်ခံရပြီးနောက် စစ်တပ်က ဒေသခံပြည်သူ (၅၀)ဝန်းကျင်ကို ဖမ်းဆီး နှိပ်စက်နေကြောင်း သိရသည်။

ညောင်ဦးမြို့ အမှတ်(၁) နယ်မြေအုပ်ချုပ်ရေးမှူးဟောင်း ဒလန် ဦးတင်စိုးကို ဇန်နဝါရီလ(၃၀)ရက်နေ့က ပုဂံပြည် ဘီလူးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သုံးဖွဲ့က ရှင်းလင်းခဲ့ပြီးနောက် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်းသိရသည်။

အပြစ်မဲ့ပြည်သူများကို ရမ်းသမ်းဖမ်းဆီးနေတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိ စခများ ဖမ်းဆီးထားသော ပြည်သူများသည် ကျွန်တော်တို့ အဖွဲ့အစည်းနှင့် လုံးဝ မပတ်သက်သော မြို့သူမြိုသားများသာဖြစ်သည်။ ပုဂံပြည်ဘီးလူးတပ်တစ်ဖွဲ့သား အားလုံး တစ်ဦးမှ ဖမ်းဆီးခံရခြင်းမရှိဘဲ လုံခြုံစိတ်ချရာသို့ရောက်ပါပြီ

ဟု   ပုဂံပြည် ဘီလူးတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

အလွန်ဆိုးရွားနေသော ဒလန်ဖြစ်တာကြောင့် ရှင်းလန်းရခြင်းဖြစ်ပြီး မြို့သူမြိုသားများ နားလည်ပေးကြရန် မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့အပြင် မြို့ပြစစ်ဆင်ရေးများကို အရှိန်မြင့်တင် လုပ်ဆောင်မည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများ၊ ဌာနများနှင့်ဝေးရာတွင်နေထိုင်ကာ ပူးပေါင်းပါဝင်ပေးကြရန်လည်းနှိုးဆော်ထားသည်။