စစ်ကောင်စီက တပ်သားသစ်စုဆောင်းခြင်းမရှိဟု လိမ်လည်ထားသည့် မွတ်ဆလင်တပ်သားသစ်များ၏ အလောင်းများကို ရက္ခိုင့်တပ်တော်ထုတ်ပြန်

စစ်ကောင်စီက တပ်သားသစ်စုဆောင်းခြင်းမရှိဟု လိမ်လည်ထားသည့် မွတ်ဆလင်တပ်သားသစ်များ၏ အလောင်းများကို ရက္ခိုင့်တပ်တော်ထုတ်ပြန်

စစ်ကောင်စီက မွတ်ဆလင်များအား တပ်သားသစ်စုဆောင်းခြင်းမရှိဟု လိမ်လည်နေသဖြင့် ရသေ့တောင်အခြေစိုက်တပ်ရင်းများအား တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးသွားသည့် မွတ်ဆလင်များ၏ ရုပ်အလောင်များကို ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၂၀)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈)တပ်ရင်းတို့အား ရက္ခိုင့်တပ်တော် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါစခန်းများအတွင်း၌ တွေ့ရသော စစ်ကောင်စီ၏ အလောင်းများနှင့် မွတ်ဆလင်အလောင်းအချို့ကို ပုံနှင့်တကွ ထုတ်ပြန်လာခြင်းဖြစ်သည်။

ရသေ့တောင် အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆)၊ (၅၃၇)နှင့် (၅၃၈) တပ်ရင်း (၃)ခုလုံးအား  မတ်လ(၁၇)ရက်၊ ညနေ (၄)နာရီခန့်အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။ 

စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူ အမြောက်များဖြင့် အပြင်းအထန် ခုခံနေသည့်ကြားမှ အဆိုပါ တပ်ရင်း(၃)ခုလုံးကို နှစ်ပတ်ခန့်ကြာ ထိုးစစ်ဆင် တိုက်ခိုက်အပြီးတွင် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ စခန်းများအတွင်းမှ စစ်ကောင်စီတပ်သား အင်အား(၂၀၀)ခန့်သည် စစ်သင်္ဘောများဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးလွတ် မြောက်သွားသော်လည်း စစ်မှုထမ်းဥပဒေအား ခုတုံးလုပ်ပြီး စစ်ကောင်စီမှ စစ်သင်တန်းပေးထားသော ဘင်္ဂလီအချို့၏ အလောင်းများ၊ စစ်ကောင်စီတပ်သား အလောင်းများကို တွေ့ရှိရသလို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

ထို့အပြင် ဘူးသီးတောင်မြို့အတွင်းရှိ စကခ (၁၅)လက်အောက်ခံ၊ ခမရ (၅၅၂)တပ်ရင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်အား အရှိန်အဟုန်မြှင့်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မွတ်ဆလင်များကို ဒုက္ခသည်စခန်းများအတွင်းသို့ ဝင်ရောက်စာရင်းကောက်ပြီး စစ်မှုထမ်းရန်စေခိုင်းပြီး စစ်ပညာသင်ကြားပေးကာ ရှေ့တန်းသို့ပို့နေခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီက မဲနှိုက်ခြင်း၊ တပ်သားသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေပြီး ရှေ့တန်းမပို့ဟုလည်း လိမ်လည်စည်းရုံးနေသည်။

#TachileikNewsAgency

Photo: AA Info Desk