လားရှိုးအပါအဝင် TNLA စစ်ဒေသများ၌ တပ်သားသစ်စုဆောင်းပါက အုပ်ကြီးများကို ပြင်းထန်စွာအရေးယူမည်

လားရှိုးအပါအဝင် TNLA စစ်ဒေသများ၌ တပ်သားသစ်စုဆောင်းပါက အုပ်ကြီးများကို ပြင်းထန်စွာအရေးယူမည်

ပြည်သူ့ဆန္ဒကိုဆန့်ကျင်ကာ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးသည့် အုပ်ချုပ်ရေးမှူးများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် အုပ်ချုပ်ရေးမှူးများကို အဓမ္မစစ်သားစုဆောင်းခိုင်းစေခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာလူထုနှင့် TNLA မှ လက်မခံကြောင်းနှင့် အုပ်ချုပ်ရေးမှူးတစ်ဦးဦးသည် လူထုဆန္ဒအားဆန့်ကျင်ပြီး စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းပေးပါက အဆိုပါအုပ်ချုပ်ရေးမှူးကို TNLAက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အသင့်အတင့်တည်ငြိမ်အေးချမ်းနေပြီဖြစ်သည့် TNLA ၏ စစ်ဒေသအတွင်းရှိ လားရှိုးမြို့နယ်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် ပြည်သူ့ဘဝလုံခြုံမှုကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီမှ အဓမ္မစစ်သားသစ်စုဆောင်းနေကြောင်း TNLAထံ ပြည်သူလူထုက တိုင်းကြားလာသည်ဟု ဆိုသည်။

စစ်သားစုဆောင်းနေပုံမှာ စစ်ကောင်စီသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အုပ်စုအုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ်ဦးရေအတိုင်း စစ်ကောင်စီတပ်သို့ ကောက်ခံပို့ဆောင်ပေးရန် ချမှတ်ထားသည်ဟု သိရသည်။

ထို့ကြောင့် ရပ်ရွာအုပ်ချုပ်ရေးမှူးတို့သည် စစ်ကောင်စီ၏ အဓမ္မဖိအားပေးစေခိုင်းမှုကို မလွှဲမရှောင်သာ အချို့ နေရာတွင် စတင်ပြီး အကောင်အထည်ဖော်နေခြင်းကြောင့် ယင်းသို့ သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency