TNLA အပြည့်အဝ ထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် ပြည်သူ့ဆေးရုံကို CDM ဆရာဝန်များနှင့် လုပ်ငန်းများ စတင်

TNLA အပြည့်အဝ ထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် ပြည်သူ့ဆေးရုံကို CDM ဆရာဝန်များနှင့် လုပ်ငန်းများ စတင်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံကို CDM ဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း TNLA က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် ထုတ်ပြန်သည်။ 

နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDM ပြုလုပ်ထားသည့် ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ CBHT ဆရာ၊ ဆရာမများ ပါဝင်သည်ဟု သိရသည်။

TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှု မရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို (၂၄)နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

 

 နမ္မတူမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDM ပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

နမ္မတူမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်  (TNLA)က ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ် သိမ်းပိုက်ခဲ့သည့်မြို့ဖြစ်သည်။