ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၂ဦး သေဆုံး

ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် သုံးရက်အတွင်း စစ်ကောင်စီတပ်ကြောင့် အရပ်သား ၂ဦး သေဆုံး
စက်တင်ဘာ 4, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ရွှေကျင်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် (၃)ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် အရပ်သား(၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့ပြီး အရပ်သားများအား ဖမ်းဆီးကာ ငွေတောင်းခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့မှ ယနေ့ စက်တင်ဘာလ (၄)ရက်နေ့အထိ အရပ်သား(၄)ဦးအား ဖမ်းဆီးပြီး ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား(၂)ဦး သေဆုံးပြီး မိုင်းကြောင့် အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ (၂)ရက်နေ့က ရွှေကျင်မြို့နယ် အင်းကနီနှင့် ကျောက်တန်းရွာမှ ဒေသခံ ကိုသန်းနိုင်ဦး၊ အငယ်လေး၊ ကိုဝင်းနိုင်နှင့် ကိုအောင်မင်းသက်တို့ (၄)ဦးသည် ရွှေကျင်မြို့ပေါ်သို့ ဈေးဝယ်သွားစဉ် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ရှမ်းရွာဂိတ်တွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။

ထို့နောက် ကျေးရွာမှ တာဝန်ရှိလူကြီးများက သွားရောက်တွေ့ဆုံခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က တောင်းသော ငွေကျပ်(၁၀)သိန်းကိုပေးပြီး ဝန်ခံကတိများထိုး၍ ၎င်းတို့(၄)ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ 

ယင်းနေ့တွင်ပင် ကျောက်ကြီးမြို့နယ် တရေးစီလော(နရွဲပင်)ရွာသို့ စစ်ကောင်စီတပ် ခလရ(၂၆၄)သည် နတ်သံကွင်းမှ (၁၂၀)မမ၊ (၈၁)မမ လက်နက်ကြီး (၂)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ စိုင်းသူရထွန်း (၂၇)နှစ်မှာ ပြင်းထန်ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။ 

ထို့အပြင် သမင်အင်းကုန်းကျေးရွာမှ ဒေသခံ(၂)ဦးဖြစ်သည့် ဇော်မင်းထွန်းနှင့် အယ်ကော်မူးတို့သည် စစ်ဘေးရှောင်နေရာမှ ရိက္ခာလိုအပ်သဖြင့် စက်တင်ဘာလ (၃)ရက်နေ့တွင် သမင်အင်းကုန် ကျေးရွာအတွင်းသို့ ရိက္ခာပြန်လာယူစဉ် စစ်ကောင်စီတပ်များက ရွာအတွင်းထောင်ထားခဲ့သည့် နင်းမိုင်းများ နင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ထို့နောက် စစ်ကောင်စီတပ် ခလရ(၂၆၄)သည် ပိန်းဇလုပ်မှနေ၍ နွားရေချောင်းကျေးရွာအတွင်းသို့  ယနေ့ စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက (၈၁)မမ လက်နက်ကြီး (၁၅)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံ စောထွန်းနိုင်(၄၅)နှစ် ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency