ပအိုဝ်းဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက မီးလောင်ဗုံးများအသုံးပြုကာ ရွာများအား ဖျက်ဆီး 

ပအိုဝ်းဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက မီးလောင်ဗုံးများအသုံးပြုကာ ရွာများအား ဖျက်ဆီး 

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြိုနယ်နှင့် ဟိုပုံးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ 

ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ (၁၀)ရက်နေ့က ဆီဆိုင်မြို့မြောက်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် PNLAတို့ နံနက်(၇)နာရီမှ ညနေ(၅)နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ဆီဆိုင်မြိုတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများအသုံးပြုပြီး(၁၀၈)ကြိမ် တိုက်ခိုက်ခဲ့ကာ ဂျက်ဖိုက်တာဖြင့်တစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် မြိုတွင်းရှိ နေအိမ်(၁၆)လုံးထက်မနည်း ပျက်စီးသွားကြောင်း သိရသည်။ 

ယမန်နေ့တွင်ပင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ စအွန်တောင်ကြောတွင်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် (၁၂၄)ကြိမ် ပစ်ကူခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ယမန်နေ့တွင်ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)မှ တပ်စွဲထားခြင်းမရှိသည့် မဲနယ်တောင်ဒေသ ပင်လျမ်းရွာကို စစ်ကောင်စီက ဒုတိယအကြိမ် မီးလောင်းဗုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် အကြိမ်(၂၀)ကျော် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ကပစ်ခတ်သည့် မီးလောင်းဗုံး၊ လက်နက်ကြီးများကြောင့် ပင်လျမ်းကျေးရွာ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင်လည်း စစ်ကောင်စီက ပင်လျမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်းမီးလောင်ပျက်စီးခဲ့သည်။

#TachileikNewsAgency

Photo: PNLA News & Info