အုတ်ဖိုမြို့နယ်တွင် ရဲနှင့် ပျူစောထီးများအား ပစ်ခတ်စဉ် အတူထိုင်နေသည့် အရပ်သားတစ်ဦးလည်း ပစ်ခတ်ခံရပြီးသေဆုံး

အုတ်ဖိုမြို့နယ်တွင် ရဲနှင့် ပျူစောထီးများအား ပစ်ခတ်စဉ် အတူထိုင်နေသည့် အရပ်သားတစ်ဦးလည်း ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရဲနှင့် ပျူစောထီးများအား ပစ်ခတ်စဉ် ၎င်းတို့နှင့်အတူထိုင်နေသည့် အရပ်သားတစ်ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဂုံညင်းတန်းကျေးရွာ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ Shine Cafeတွင်ထိုင်ကာ ဆိုင်ကယ်များဖမ်းဆီးရန် စောင့်နေသည့် ရဲနှင့် ပျူစောထီးများအား ၂၀၂၄ ခုနှစ် မတ်လ (၃)ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

ရှောင်တခင်တိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးနှင့် နယ်ထိန်း မင်းသွေးတို့ နေရာတွင်သေဆုံးကာ ရဲတစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိပြီး ကျန်ရဲနှင့် ပျူစောထီးများ ထွက်ပြေးလွတ်‌မြောက်သွားသည်ဟု သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၄င်းတို့ထောက်တိုင်များအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် ပြည်သူများအား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် စစ်ကောင်စီတပ်များနှင့် တဝိုင်းထဲထိုင်နေသူအား ပျူစောထီးဟုထင်ကာ ပစ် ခတ်ခဲ့မိခြင်းဖြစ်သည်ဟု ဆိုသည်။ 

သေဆုံးသွားသူသည် သာမန်ပြည်သူတစ်ဦးဖြစ်နေသည့်အတွက် လွန်စွာစိတ်မကောင်းဖြစ်ရပြီး ကျန်ရစ်သူမိသားစုဝင်များအား အနူးအညွတ် တောင်းပန်သည်ဟုလည်း သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားသည်။

မတ်လ(၆)ရက်နေ့တွင်လည်း ကျောက်တံခါးမြို့နယ်၊ ဖအိုရွာမှ ပျူစောထီး လှဦးအား မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်း မိုင်တိုင် (၁၉)မိုင်တွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)က ဖမ်းဆီးပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency