မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်လိုက်သည့် အဆိုတော်ကျားပေါက်၏ Ukulele ကမ္ဘာ့ဈေးအမြင့်ဆုံးဖြင့် စံချိန်သစ်တင်

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်လိုက်သည့် အဆိုတော်ကျားပေါက်၏ Ukulele ကမ္ဘာ့ဈေးအမြင့်ဆုံးဖြင့် စံချိန်သစ်တင်
အောက်တိုဘာ 17, 2021 | အခြားဒေသများ

မြန်မာ့နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် လေလံတင်လိုက်သည့်  အဆိုတော်ကျားပေါက်၏ Ukulele ကမ္ဘာ့ဈေးအမြင့်ဆုံးဖြင့် စံချိန်သစ်တင်

အဆိုတော်ကျားပေါက် (ခ) ဟန်ထူးလွင်၏ Doole Art Ukulele ကို မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက် လေလံတင်လိုက်သည့် နှစ်ရက်တာအတွင်း အမေရိကန်ဒေါ်လာ (၂၇၅၀၀) ဖြင့်ဝယ်ယူသွား၍ ကမ္ဘာ့ဈေးအမြင့်ဆုံးရောင်းချရသည့် Ukulele အဖြစ် စံချိန်တင်သွားပြီဖြစ်သည်။

အဆိုတော် ကျားပေါက် (ခ) ဟန်ထူးလွင် ကိုယ်တိုင် Doodle Art ဖန်တီးမှုပါဝင်သည့် Ukulele ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တွင် လိုအပ်သည့်နေရာ အသုံးပြုနိုင်ရန်အတွက် ကြမ်းခင်းဈေး အမေရိကန် ဒေါ်လာ (၁၀၀၀) ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် ပန်ဆယ်လို၏ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် လေလံတင်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော့် art ကိုဝယ်ချင်တာထက် NUG ကို support လုပ်ချင်တဲ့ စေတနာတွေလို့ ယုံကြည်ပါတယ်

ဟု အဆိုတော် ကျားပေါက်က ၎င်း၏ FACEBOOK စာမျက်နှာတွင် ရေးသားထားသည်။ 

လေလံပွဲအား ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့မှ အောက်တိုဘာလ(၁၇)ရက်နေ့ ည(၉)နာရီတိတိအထိ သတ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး လေလံပွဲရောင်းချရငွေအားလုံးကို NUG ထံ ပေးအပ်သွားမည်ဖြစ်ပြီး လေလံအောင်သူကိုလည်း NUG မှ အသိအမှတ်ပြု အလှူရှင်မှတ်တမ်းကိုလည်း ပေးအပ်မည်ဟု သိရသည်။

၂၀၀၇ ခုနှစ်က eBay တွင် အမေရိကန်ဒေါ်လာ (၂၆၀၀၀) ဖြင့် ရောင်းချနိုင်ခဲ့သည့် John D’Angelico ၁၉၃၀ ခုနှစ်က ဖန်တီးခဲ့သည့် Ukulele မှာ  ကမ္ဘာ့ဈေးအမြင့်ဆုံးအဖြစ် စံချိန်တင်ထားရာမှ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် အဆိုတော်ကျားပေါက် (ခ) ဟန်ထူးလွင်၏ Doole Art Ukulele က အမေရိကန်ဒေါ်လာ (၂၇၅၀၀) ဖြင့် အမြင့်ဆုံးဈေးနှုန်း စံချိန်တင်လိုက်ခြင်းဖြစ်သည်။