သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လီလီနိုင်ကျော် စိုးရိမ်ရဒဏ်ရာဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသနေရဆဲ၊ လုပ်ကြံသူကို  စစ်ကောင်စီ၏ လက်ကိုင်တုတ် အသင်းအဖွဲ့(၁၉)ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာ

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် လီလီနိုင်ကျော် စိုးရိမ်ရဒဏ်ရာဖြင့် မင်္ဂလာဒုံ စစ်ဆေးရုံတွင် ဆေးကုသနေရဆဲ၊ လုပ်ကြံသူကို  စစ်ကောင်စီ၏ လက်ကိုင်တုတ် အသင်းအဖွဲ့(၁၉)ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာ

 စစ်တပ်ကိုထောက်ခံပြီး  မဘသအဖွဲ့ဝင်နှင့် အမျိုးသားရေးအစွန်းရောက်ဟု အမည်ဆိုးဖြင့် ကျော်ကြားသည့်အပြင် PDF များနှင့် စစ်အာဏာရှင်တော်လှန်သူများကို အမြဲပုတ်ခတ်ပြောဆိုနေသူ လီလီနိုင်ကျော်သည် သေနတ်နှင့် ပစ်ခတ်ခံရ၍ မေလ(၃၁)ရက်နေ့ညအထိ   စိုးရိမ်ရသည့် ဒဏ်ရာဖြင့် မင်္ဂလာဒုံစစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း နှင့် လီလီနိုင်ကျော်အား သေနတ်ဖြင့်ပတ်ခတ်၍ ဒဏ်ရာရရှိသွားသည့်အတွက် စစ်ကောင်စီ၏ လက်ကိုင်တုတ် အသင်းအဖွဲ့(၁၉)ဖွဲ့က ကန့်ကွက်ရှုတ်ချကြောင်း မေလ(၃၁)ရက်နေ့ ညက အသီးသီးထုတ်ပြန်လာကြသည်ကို တွေ့ရသည်။

အသက်(၅၈)နှစ်အရွယ်ရှိ လီလီနိုင်ကျော်(ခ)လီလီနိုင်စိုးသည် ၂၀၂၃ခုနှစ် မေလ(၃၀)ရက်နေ့ ည(၇)နာရီ ဝန်းကျင်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်အတွင်း အပြင်ကနေ နေအိမ်သို့ ကားဖြင့်ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက်တွင် အမျိုးသားတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံရခြင်း ဖြစ်ကြောင်း သိရသည်။

 

သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် မေလ(၃၁)ရက်နေ့၏ ညနေပိုင်းအချိန်အထိ လီလီနိုင်ကျော်မှာ သေဆုံးပြီးဖြစ်သည်ဟု ပြည်သူများက သိထားကြသော်လည်း တကယ်တမ်းတွင် လီလီနိုင်ကျော်မှာ ယာဘက် နားထင်ကျည်ထိမှန်ပြီး စိုးရိမ်ရသည့် အနေအထားဖြင့်  မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးရုံတွင် အရေးပေါ် ဆေးကုသပေးနေရပြီး တရားခွေဖွင့်ပေးထားရကြောင်း စစ်တပ်ထောက်ခံသူအစွန်းရောက်များဘက်က ဗီဒီယိုဖိုင်နှင့်အတူ ဖော်ပြထားသည်ကို တွေ့ရသည်။



ယင်းနောက် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး မသေသေးဘဲ ဆေးကုသခံနေရသည့် ၎င်းအတွက် စစ်ကောင်စီ၏ လက်ကိုင်တုတ် အသင်းအဖွဲ့ ဖြစ်သည့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော်(ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)နှင့် သနန္တနဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်တို့က ကန့်ကွက်ရှုတ်ချစာများကို မေလ(၃၁)ရက်နေ့ ညပိုင်းက ဝါဒဖြန့်အင်တာနက်စာမျက်နှာများတွင် အပါအဝင် ဇွန်လ(၁)ရက်နေ့ထုတ် သတင်းစာများကနေပါ ထည့်သွင်းကြေညာထားသည်ကို တွေ့ရသည်။

ယင်းအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ UNITED ပရဟိတအသင်းနှင့် ဘူးသီးတောင် မောင်တောဒေသဖွံ့ဖြိုးရေးအသင်း စုစုပေါင်း အသင်းအဖွဲ့(၁၉)ဖွဲ့က ကန့်ကွက်ကြောင်း ကြေညာထားကြခြင်းဖြစ်သည်။

 

 စစ်ကောင်စီ၏ လက်ကိုင်တုတ် အဆိုပါ အသင်းအဖွဲ့(၁၉)ဖွဲ့သည် မြန်မာနိုင်ငံအတွင်း အာဏာမသိမ်းမီကာလက စိုးရိမ် ဝမ်းနည်းမှုများ နှင့် သဘာဝဘေးဒဏ်များကြုံခဲ့စဉ် အပါဝင် မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဦးကိုနီ လုပ်ကြံခံရစဉ်တုန်းက ဝမ်းနည်းကြောင်း၊ ကန့်ကွက်ရှုတ်ချကြောင်း စသည့် ထုတ်ပြန်ချက်များကို ထုတ်လေ့မရှိသော်လည်း စစ်တပ်က နိုင်ငံ့အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အလိုကျ ဝမ်းနည်းကြောင်း၊ ကန့်ကွက်ရှုတ်ချကြောင်း စသည့် ထုတ်ပြန်ချက်များကို အဆိုပါ အသင်းအဖွဲ့များအားလုံးက အရေးအသားတူညီစွာဖြင့် ထုတ်ပြန်လေ့ရှိကြသည်ကို တွေ့ရသည်။