တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် ထိုင်းနှင့်မြန်မာ လူငယ်ပေါင်း (၇၀၀)ဝန်းကျင်ကို မလွတ်ပေးမချင်း ထိုင်းမီဒီယာများတွင်  ကောလာဟလများ ဆက်လက် ထွက်ပေါ်နေ 

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် ထိုင်းနှင့်မြန်မာ လူငယ်ပေါင်း (၇၀၀)ဝန်းကျင်ကို မလွတ်ပေးမချင်း ထိုင်းမီဒီယာများတွင်  ကောလာဟလများ ဆက်လက် ထွက်ပေါ်နေ 
ဖေဖော်ဝါရီ 29, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက် စီးနင်းမှုအတွင်း ဖမ်းဆီးခံရသည့် ထိုင်းနှင့်မြန်မာ လူငယ်ပေါင်း (၇၀၀)ဝန်းကျင်ကို (၆)ရက်ကြာသည်အထိ ပြန်မလွတ်ပေးသည့် ကာလအတွင်း ထိုင်းမီဒီယာများတွင် ငွေကြေးကိစ္စများနှင့် ပတ်သက်၍ ကောလာဟလ အမျိုးမျိုးထွက်ပေါ်နေသည်ကို တွေ့ရသည်။

"ထိုင်းသတင်းတွေမှာ အတော်လေးပဲ တွေ့ရတယ်။ ရုပ်သံလိုင်းတွေမှာရော အွန်လိုင်းသတင်းတွေမှာ တွေ့ရတာများတာကတော့ တစ်ဦးကို အနည်းဆုံး ဘတ်(၅၀,၀၀၀)ကနေ ဘတ်(၈၀,၀၀၀)အထိ ပေးပြီးရွေးယူရမှာတို့၊ အဲ့လို ပေးမှ လွတ်ပေးမယ်ဆိုတဲ့ သဘောမျိုးတွေ သတင်းတွေမှာ တွေ့ရတယ်။ တကယ်လက်တွေ့တော့ ငွေပေးမယ် လွတ်ပေးဆိုရင်တောင် သူတို့က အဲ့လို လုပ်ပေးလို့မရဘူး။ အထက်က အကုန်လွတ်ပေးဖို့ရှိတယ် ဘယ်နေ့လဲဆိုတာတော့ မသိရသေးဘူး။ အဲ့လို အခါကျရင်လည်း ငွေမပေးရလောက်ဘူးလို့ ပြောတာတော့ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကောလာဟလက အမှန်တကယ် မဟုတ်ဘူးဆိုတာကို လက်တွေ့ပြတဲ့အနေနဲ့ရော ငဲ့ညာတဲ့အနေနဲ့ရော ဖမ်းထားတဲ့ ဒီကလေးတွေကို  ခံဝန်ကတိနဲ့ အမြန်ဆုံးလွတ်ပေးလိုက်ရင် အကောင်းဆုံးလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ အရေအတွက်က ဆယ်ဂဏန်းလောက်ပဲ မဟုတ်ဘူး (၅၄၀)တောင်ဆိုတော့ အနည်းဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၂၉)ရက်နေ့တွင် ပြောသည်။



 

လက်ရှိတွင် ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများကို ရဲစခန်းတို့တွင် လည်းကောင်း၊ သိမ်းဆည်းထားသည့် အဆောက်အဦးတွင် မြန်မာနိုင်ငံသား (၅၄၀)ကို လည်းကောင်း အသီးသီးထားရှိပြီး  ခံဝန်ကတိလက်မှတ်ထိုးကာ ပြန်လွတ်ပေးရန် သို့မဟုတ် တနည်းနည်းဖြင့် ပြန်လွတ်ပေးရန် စီစဉ်နေလျှက်ရှိသည်ဟု သတင်းရင်းမြစ်များထံက သိရသည်။

"တကယ်တော့ဗျာ လွတ်ပေးမယ်ဆိုရင် အမြန်ဆုံး လွတ်ပေးလိုက်တာက တာဝန်ရှိသူတွေဘက်က ဝန်ထုတ်ဝန်ပိုးဖြစ်တာတွေ သက်သာစေတာပေါ့ဗျာ။ ကြောက်နေတဲ့ လူငယ်တွေအတွက်လည်း စိတ်သက်သာရာ ရောက်စေတာပေါ့။ ပြီးတော့ တဖက်က ထွက်နေတဲ့ ကောလာဟလလည်း ချေဖျက်ပြီးသားဖြစ်တာပေါ့။ အခုက ကောလာဟလ ထွက်နေသလိုလည်း မဟုတ်သလို၊ အမြန်ဆုံးလည်း ပြန်မလွတ်ပေးသေးဘူးဆိုတော့ ကလေးတွေလည်း စိတ်ဓါတ်တွေကျပြီး လမ်းပျောက်နေသလို ဖြစ်နေကြတယ်။ သူတို့တွေထဲမှာ မိန်းကလေးတွေက အများဆုံးဗျ။"ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် မြန်မာလူငယ်များထဲတွင် တာချီလိတ်ကမဟုတ်သည့် အခြားမြို့များကနေ လာရောက် အလုပ် လုပ်ကိုင်သူများလည်း ပါဝင်သည်ဖြစ်ရာ ၎င်းတို့၏ မိသားစုများကလည်း စိုးရိမ်ပူပန်နေလျှက်ရှိကြောင်း သိရသည်။

"ဖမ်းခံရတဲ့ မြန်မာလူငယ် (၅၄၀)စလုံးက တာချီလိတ်က မဟုတ်ဘူး။ တာချီလိတ်က လူငယ်တွေလည်း ပါသလို တခြားမြို့တွေက လာတဲ့ သူတွေလည်းပါတယ်။ တာချီလိတ်မှာ နေတဲ့သူတွေကတော့ စားစရာတွေ လိုအပ်တာတွေ နေ့စဉ် သွားပို့ပေး ပေမဲ့ အဝေးက လာတဲ့ လူငယ်တွေကတော့ ပို့မဲ့လူက မရှိဘူး။ ဒါပေမဲ့ လူငယ်တွေ အချင်းချင်း ဝေမျှစားကြတယ်။ သူတို့မိဘတွေက အဝေးကနေ စိတ်ပူပြီး အခြေအနေကို ဖုန်းဆက်မေးလာတာတော့ရှိတယ်။ တာဝန်ရှိသူတွေဘက်က တိတိကျကျ ဘာမှ မပြောထားဘဲ ကလေးတွေကို ဒီတိုင်းပဲ ဖမ်းထားတော့ အခြေအနေတိတိကျကျ ကို အဝေးက ကလေးတွေရဲ့ မိဘတွေကို  ကျွန်မလည်း ပြန်မပြောနိုင်ဘူး ဖြစ်နေတယ်"ဟု ဖမ်းဆီးခံထားရသူတစ်ဦး၏ မိခင်ဖြစ်သူက ပြောပြသည်။



1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင် တြိဂံတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအမိန့်ဖြင့် ကျိုင်းတုံတပ်နယ်က ကျားဖြန့်လုပ်ငန်းအထင်ဖြင့်  လာရောက်ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသူ (၇၃)ဦး၊ ထိုင်းနိုင်ငံသား(၇၄)ဦး နှင့် မြန်မာနိုင်ငံသူ (၃၆၇)ဦး၊ မြန်မာနိုင်ငံသား (၁၇၃)ဦး စုစုပေါင်း (၆၈၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားများကို ထိုင်းဘက်သို့ လွှဲပြောင်းလာပေးရန် ထိုင်းဘက်က စောင့်မျှော်နေသလို မြန်မာလူငယ်(၅၄၀)ကိုလည်း ပြန်လည်လွတ်လာစေရေး မိသားစုဝင်များက မျှော်လင့်နေလျှက်ရှိကြောင်း သိရသည်။

[ သတင်းတွင် ပြောကြားသူများ၏ လုံခြုံရေးအရ အမည်များကို မဖော်ပြထားခြင်း ဖြစ်သည် ]