တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ကျားဖြန့်လုပ်ငန်းနေရာကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား (၂၀၀)ကျော် ဖမ်းဆီးရမိ

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ကျားဖြန့်လုပ်ငန်းနေရာကို ဝင်ရောက်ဖမ်းဆီးရာ တရုတ်နိုင်ငံသား (၂၀၀)ကျော် ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 26, 2024 | 2021 Military Coup| ရှမ်းရှေ့

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်နိုင်ငံသားများ ဦးစီးလုပ်ကိုင်နေသည့် ကျားဖြန့်လုပ်ငန်းကို တာချီလိတ်တပ်နယ်က ဝင်ရောက်စီးနင်းရာ တရုတ်နိုင်ငံသား(၂၀၀)ကျော် ဖမ်းဆီးရမိကြောင်း ကနဦး သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ ည(၁၁)နာရီကျော်တွင် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း အာခါဗုဒ္ဓဘုန်းကြီးကျောင်းအနီးရှိ “ဝ”ကွင်းအတွင်းမှ ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်နှင့်ရဲတို့ပါဝင်သည့်အဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညက အာခါဗုဒ္ဓနားက “ဝ”ရုံးလို့ လူသိများတဲ့ အဆောက်အဦးထဲကို စစ်တပ်က အကုန်ဝင်ဖမ်းတာ။ တရုတ်တွေ (၂၀၀)ကျော် ဖမ်းမိတယ်လို့ လောလောဆယ် သိရတယ်။ အွန်လိုင်းလောင်းကစားတွေထက် တရုတ်တွေရဲ့ အလိမ်အညာ ကျားဖြန့်တွေကို များများဖမ်းတာကောင်းတယ်” ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်ရှိ ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်(၉)နာရီခွဲကျော်အထိ ကျားဖြန့်လုပ်ငန်းမှ သက်သေခံပစ္စည်းများ၊ ကွန်ပျူတာ၊ ကား၊ ဆိုင်ကယ်များကို သိမ်းဆည်းနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency