တာချီလိတ်မြို့တွင် ကျပ်(၈၀၀)တရားဝင် သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်း တစ်နှစ်စာ စာအုပ်များကို ထိုင်းဘတ်(၁၀၀)ဖြင့် ပြုလုပ်ပေး၊ နေ့စဉ် ပြုလုပ်သူ များပြား

တာချီလိတ်မြို့တွင် ကျပ်(၈၀၀)တရားဝင် သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်း တစ်နှစ်စာ စာအုပ်များကို ထိုင်းဘတ်(၁၀၀)ဖြင့် ပြုလုပ်ပေး၊ နေ့စဉ် ပြုလုပ်သူ များပြား
ဖေဖော်ဝါရီ 26, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတား ပြန်လည်ဖွင့်လှစ်ပြီးနောက် မယ်ဆိုင်ဘက်သို့ နေ့စဉ် သွားရောက် လည်ပတ်သူ ပိုမိုများပြားသလို ကျပ်ငွေ(၈၀၀)တရားဝင် သတ်မှတ်ထားသည့် နယ်စပ်ဖြတ်သန်း တစ်နှစ်စာ စာအုပ်များကို ထိုင်းဘတ်ငွေ (၁၀၀)ဘတ်ဖြင့် ပြုလုပ်ပေးနေပြီး နေ့စဉ် ပြုလုပ်သူ များပြားကြောင်း သိရသည်။ 

နယ်စပ်ဖြတ်သန်းလက်မှတ်အမျိုးအစား (၂)မျိုးရှိသည်အနက် တစ်နှစ်စာ တံတားကူးစာအုပ်မှာ တာချီလိတ် အိမ်ထောင်စုစာရင်းများသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်နှစ်စာ စာအုပ်အတွက် အမှတ်ပုံတင် မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ နှင့် လိုင်စင်ဓါတ်ပုံ (၁)ပုံ နှင့် ထိုင်းဘတ်ငွေ (၁၀၀)ဘတ်အပြင် ယခင်ပြုလုပ်ပြီးသည့် စာအုပ်အဟောင်းပါရှိရမည်ဖြစ်ကြောင်း သိရသည်။

"ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ရဲ့ မိတ္တူကို လိုလိုမယ်မယ်တော့ ယူသွားဖို့လိုတယ်၊။ တခါတလေ မိတ္တူတောင်းချင် တောင်းတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

လတ်တလောတွင် တစ်နှစ်စာ စာအုပ်များကို ယခင် စာအုပ်ပြုလုပ်ပြီးသူ စာအုပ်အဟောင်းရှိထားသူမှသာ သက်တမ်းတိုးခြင်း အသစ်လဲခွင့်ပြုမည်ဖြစ်ပြီး  စာအုပ်တစ်ခါမျှ မရှိသေးသူများအနေဖြင့် လတ်တလောတွင် ပြုလုပ်ခွင့်ရရှိမည် မဟုတ်သေးကြောင်းလည်းသိရသည်။ 

"အခုစာအုပ်တွေကို အရင်အဟောင်းရှိပြီးသူမှပဲ လုပ်ပေးတယ်။ သူတို့နဲ့ ရင်းနှီးသူနဲ့ ငွေပေးသူတွေကိုတော့ အဟောင်းမရှိထားလဲ လုပ်ပေးတာမျိုးရှိတယ်။ အသိမိတ်ဆွေထဲက တစ်ယောက်ဆိုရင် အရင်က စာအုပ်အဟောင်းမရှိသေးဘူး အခု လဝက ဘေးနား နေတဲ့လူတွေကနေ တဆင့် ငွေပေးပြီး လုပ်တာ ရလာတယ်။ ခုလို သတ်မှတ်ချက်က လဝက အနီးက လူတွေနဲ့ လဝကတွေ လုပ်စားစရာဖြစ်နေစေတယ်။ အဲ့ဒါကြောင့်တပြေးညီ လူသစ်တွေပါ စာအုပ်လုပ်ချင်နေကြတယ်။"ဟု ၎င်းက ဆိုသည်။

တစ်နှစ်စာ စာအုပ် သက်တမ်းတိုးအသစ်လဲလှယ်ခြင်းကို နေ့စဉ် နံနက်(၇)နာရီမှ နေ့လည်(၁၂)နာရီအတွင်း နယ်စပ်လက်မှတ်ပြုလုပ်ပေးသည့် ခရိုင်လဝကရုံးရှေ့တွင်  ပြုလုပ်ပေးနေပြီး သတ်မှတ်ရက်ပြည့်ပါက မှတ်ပုံတင် မူရင်းယူဆောင်လာပြီး ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

တစ်နှစ်စာ နယ်စပ်ဖြတ်သန်းစာအုပ်၏ ဝန်ဆောင်ခကို ကျပ်(၈၀၀)၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်(တခါသုံး)လက်မှတ်ကို ကျပ်ငွေ (၁၀၀၀)ဖြင့် ပြုလုပ်ပေးရန် ဝန်ကြီးဌာနက သတ်မှတ်ထားခြင်း ဖြစ်သော်လည်း တာချီလိတ်ခရိုင်လဝက တစ်နှစ်စာ နယ်စပ်ဖြတ်သန်းသွားလာခွင့်စာအုပ်ကို ထိုင်းဘတ်ငွေ (၁၀၀)ရယူပြီး ပြုလုပ်ပေးနေခြင်းလည်းဖြစ်သည်။

လူဖတ်နည်းသည့် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် တစ်နှစ်စာ နယ်စပ်ဖြတ်သန်းစာအုပ်၏ ဝန်ဆောင်ခကို ကျပ်(၈၀၀)သတ်မှတ်ထားကြောင်း တရားဝင် ဖော်ပြပေးထားပြီး လက်တွေ့တွင် ထိုင်းဘတ်ငွေ (၁၀၀) ကောက်ခံနေခြင်းဖြစ်သည်။

 

ဝန်ကြီးဌာနက တစ်နှစ်စာ နယ်စပ်ဖြတ်သန်းစာအုပ်၏ ဝန်ဆောင်ခကို ကျပ်ငွေ(၈၀၀) သတ်မှတ်ထားခြင်းမှာ တာချီလိတ်နယ်စပ် တစ်ခုတည်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ တရားဝင် နယ်စပ်ထွက်ပေါ်များတွင် သတ်မှတ်ထားခြင်းဖြစ်ရာ မြန်မာ - တရုတ် နယ်စပ်လည်း အပါအဝင် ဖြစ်သည်။

တာချီလိတ်ခရိုင်လဝက အနေဖြင့်  တစ်နှစ်စာနယ်စပ်ဖြတ်သန်းလက်မှတ် နှင့် ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်များအတွက် သတ်မှတ်ချက်နှင့် သတ်မှတ်ငွေကြေးများကို အများမြင်သာသည့် နေရာများတွင် ပွင့်လင်းမြင်သာစွာ ကြေညာထားခြင်း မရှိပေ။