တာချီလိတ်မြို့ 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ စစ်တပ်နှင့်ရဲက မီးခံသေတ္တာများကို တစ်လုံးပြီး တစ်လုံး သယ်ဆောင်နေ

တာချီလိတ်မြို့ 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ စစ်တပ်နှင့်ရဲက မီးခံသေတ္တာများကို တစ်လုံးပြီး တစ်လုံး သယ်ဆောင်နေ
ဖေဖော်ဝါရီ 23, 2024 | မှုခင်းသတင်း| ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် နံနက်(၈)ခွဲဝန်းကျင်ကစပြီး လုပ်ငန်းနေရာရှိ အခန်းများကနေ မီးခံသေတ္တာများကို တစ်လုံးပြီး တစ်လုံးယူဆောင်နေကြောင်းသိရသည်။

"မီးခံသေတ္တာတွေ လိုက်သယ်နေတယ်။ တစ်လုံးပြီး တစ်လုံးလိုက်သယ်နေတယ်။"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

စစ်တပ်နှင့်ရဲက ယင်းသို့ လုပ်ဆောင်နေသလို ဖမ်းဆီးခံထားရသည့် လူငယ်များထဲက အမျိုးသားများကို အချုပ်ကားများဖြင့် အသုတ်လိုက် ဖမ်းဆီးခေါ်ဆောင်နေလျှက်ရှိကြောင်းလည်း သိရသည်။ 

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး  ဝင်ရောက်စီးနင်းထားပြီး အဆောက်အဦးထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော်ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။ 

အဆိုပါ နေရာတွင် မြန်မာနိုင်ငံသားလူငယ် အများအပြားနှင့် ထိုင်းနိုင်ငံသားအများအပြား ပိတ်မိနေလျှက်ရှိကြောင်းနှင့် ကြောက်လန့်နေလျှက်ရှိကြောင်း သိရသည်။