လွိုင်လင်မြို့နယ်အတွင်းရှိ နမ့်ဘော်ခမ်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ‌ယာဉ်ဖြင့် ဗုံးကြဲနေ၍  ရွာလုံးကျွတ် ထွက်ပြေးနေရ

လွိုင်လင်မြို့နယ်အတွင်းရှိ နမ့်ဘော်ခမ်းကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေ‌ယာဉ်ဖြင့် ဗုံးကြဲနေ၍  ရွာလုံးကျွတ် ထွက်ပြေးနေရ
ဖေဖော်ဝါရီ 21, 2024 | 2021 Military Coup| ရှမ်းတောင်

 



ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် နမ့်ဘော်ခမ်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၁) ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက် ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချသွားသဖြင့် ဒေသခံများမှာ နီးစပ်ရာဒေသနှင့် တောတောင်များအတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု Pa-O Youth Organization ထံမှ သိရသည်။

"စစ်ကောင်စီက (၁၁)နာရီဝန်းကျင်ခန့်မှာ လေယာဉ်နဲ့ နှစ်ကြိမ်လာကြဲသွားတယ်။ ထိခိုက်ပျက်စီးမှု ဘယ်လောက်ရှိသွားလဲဆိုတာတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးကပြောကြောင်း Pa-O Youth Organization က ဖော်ပြထားသည်။

ထို့အပြင် နမ့်ဘော်ခမ်းရွာကို လက်နက်ကြီးဖြင့် လှမ်းပစ်ခြင်းများရှိနေပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဗုံးကြဲ၍ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

"ရွာအနောက်ဘက်ခြမ်း တောဘက်ကို ရှောင်တဲ့လူတွေက ပိတ်မိနေတယ်။ ထွက်လာလို့ မရနေဘူး ဖြစ်နေတယ်။ အခုတော့ နမ့်စန်မြို့ဘက်တက်တဲ့ ကားလမ်းမကြီးနဲ့ မိုင်းပွန်တံတားလည်း ပိတ်ထားတယ်လို့ ပြောတယ်။ မိုင်းပွန်လည်း အခြေအနေမကောင်းဘူး။"ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းက စတင်ကာ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။