ဟိုပုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် PNO ပြည်သူစစ်ဘက်က (၅)ဦးသေဆုံးပြီး ထမ်းဆန်းဂူ အနီးဝန်းကျင်သို့  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် 

ဟိုပုန်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှင့် PNO ပြည်သူစစ်ဘက်က (၅)ဦးသေဆုံးပြီး ထမ်းဆန်းဂူ အနီးဝန်းကျင်သို့  စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် 
ဖေဖော်ဝါရီ 21, 2024 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီတပ်ပူး‌ပေါင်း PNO တပ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးတပ်မတော်(PNLA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၅)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA ထံမှ သိရသည်။

 ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က စစ်ကောင်စီ တပ်ပူးပေါင်း PNO တပ်များနှင့် PNLA တို့ တနေ့ကုန် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွား သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပြီးနောက် PNLA က နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားနှင့်လက်အောက်ခံ PNOပြည်သူ့စစ်အလောင်း (၅)လောင်းကို တွေ့ရှိရသလို ခဲယမ်းကျည် ဆံများ အပါအဝင် သေနတ်(၄)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များသည် မဲနယ်တောင်ဒေသကို လက်နက်ကြီးဖြင့် (၅၇)ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောက္ကဆျာႏကျေးရွာမှ နေအိမ်တစ်လုံးပျက်စီးပြနေအိမ်(၁၀)လုံးခန့် ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များသည် ဟိုပုံးမြို့ဘက်မှ ထမ်းဆန်းဂူဒေသအနီးတဝိုက်ကိုလည်း လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်နှင့်အပေါင်းအပါများ ပစ်ခတ်ဖျက်ဆီးသည့်နေရာများသည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဝင်များရှိသည့်နေရာမဟုတ်သည့်အပြင် တပ်စွဲထားခြင်းလည်းမရှိဟု PNLA က ထုတ်ပြန်ထားသည်။

လက်ရှိတိုက်ပွဲသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သည့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်အောက်မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန်လည်း PNLA က တိုက်တွန်းထားသည်။ 

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာ PNLA တပ်ဖွဲ့များထံသို့ဆက်သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Information Department