အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က ဗထူးတပ်မြို့သို့ သွားရောက်ပြီး “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဟုပြောကာ တပ်တွင်း စည်းရုံးရေးဆင်း

အာဏာသိမ်း ဒုစစ်ခေါင်းဆောင်က ဗထူးတပ်မြို့သို့ သွားရောက်ပြီး “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဟုပြောကာ တပ်တွင်း စည်းရုံးရေးဆင်း
ဧပြီ 5, 2022 | ရှမ်းတောင်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရုံး နှင့်အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကာ “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဟု ပြောဆိုကာ စည်းလုံးရေး ဆင်းမှုအဖြစ် ဧပြီလ(၄)ရက်နေ့က သွားရောက်ခဲ့ကြောင်း စစ်ကောင်စီတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

"တပ်မတော်သားများ နှင့် မိသားစုအားလုံးတို့ အနေဖြင့် အေးအတူ ပူအမျှဖြင့် “ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်”ဟူသော စုစည်းညီညွတ်မှုဖြင့် အတိတ်၊ ပစ္စုပန်၊ အနာဂတ်များတွင် ကျော်လွှားနိုင်ခဲ့သလို  ဆက်လက်၍လည်း ကျော်လွှားကြရမှာဖြစ်ပြီး   ပေးအပ်သည့် တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း၊  တပ်မတော်က အားကိုးရသော၊ တပ်မတော်ကို သစ္စာရှိသော၊ တပ်မတော်သားများဖြစ်အောင် အစဉ်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း"ဟု အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုကာ စည်းရုံးရေးဆင်းနေခြင်း ဖြစ်သည်။

ယင်းအပြင် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နည်းတူ ၎င်းတို့၏ တပ်သားများကို နိုင်ငံ့အာဏာသိမ်းခဲ့ရမှု အခြေအနေများနှင့် ပတ်သက်ပြီး "၂၀၂၀  ရွေးကောက်ပွဲတွင် မဲမသမာမှုများမှ တဆင့် နိုင်ငံတော်အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးပမ်းလာမှုအပေါ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှ သွေဖယ်တိမ်းစောင်းမှု မဖြစ်ပေါ်စေရေးအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ခုနှစ်နှင့်အညီ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်ပါအတိုင်း တာဝန်ယူထမ်းဆောင်ခဲ့ရခြင်းဖြစ်သည်"ဟု ရှင်းပြပြန်သေးသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့အပေါ် သစ္စာခံနိုင်သူများကိုသာ ရာထူးအာဏာအခွင့်အရေး အထူးအလေးပေးပြီး တပ်တွင်းပုန်ကန်မှုများ မဖြစ်ရန်အတွက် သတင်းအချက်အလက်များကို ဖုံးကွယ်ထားပြီး၊ အင်တာနက်အသုံးပြုမှုများက အစ ကန့်သတ်ထားသည့်အပြင် ၎င်းတို့၏ ညစဉ်တွင် ဝါဒဖြန့်သတင်းများဖြစ်သည့် စစ်တပ်ပိုင် မြဝတီရုပ်သံကို အဓိက ကြည့်ကြရန်လည်း မှာကြားမှုများရှိသည်ဟု သိရသည်။