ထိုင်းဗီဇာကို ယနေ့မှစတင်၍ အွန်လိုင်းမှ လျှောက်ထားနိုင်

ထိုင်းဗီဇာကို ယနေ့မှစတင်၍ အွန်လိုင်းမှ လျှောက်ထားနိုင်
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

လျှောက်ထားသူဦးရေများနေသည့် ထိုင်းဗီဇာကို ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ကစတင်ကာ အွန်လိုင်းမှ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ယနေ့ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

ထိုင်းသံရုံး၌ ဗီဇာလျှောက်ထားသူအရေအတွက်များပြားနေသောကြောင့် ဗီဇာလျှောက်ထားရာတွင် ရက်ချိန်းယူခြင်းနှင့်ပတ်သက်ပြီး နည်းလမ်း(၂)မျိုးဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။

လျှောက်ထားလိုသူများသည် https://thaiconsularyyangon.com/visa/ သို့မဟုတ် QR Code သို့ဝင်ရောက်ပြီး ဗီဇာရက်ချိန်းကို ယနေ့မှစ၍ အွန်လိုင်းမှတဆင့် ရယူနိုင်ပြီး ဖောဖော်ဝါရီလ (၂၂)ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရက်ချိန်းကို တစ်ရက်လျှင် တိုကင်နံပါတ်(၂၀၀)နှုန်း ရက်(၃၀)ကြိုတင်၍ ရက်ချိန်းရယူနိုင်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ဗီဇာရက်ချိန်းဝင်ရောက် ရယူလိုသူများသည် ယင်းနေ့မှစ၍ မတ်လ(၂၂)ရက်နေ့အထိ ရက်ချိန်းရွေးခွင့်ရှိသည်ဟု သိရသည်။

အွန်းလိုင်းမှတဆင့် ဗီဇာရက်ချိန်းရယူထားသူများသည် အီးမေးလ်နှင့် ဗီဇာရက်ချိန်းရရှိထားသောပုံ သို့မဟုတ် အီးမေးလ်မှတဆင့်ပေးပို့သော ဗီဇာရက်ချိန်းစာရွက်ကို ဗီဇာလာရောက်လျှောက်မည့်ရက်တွင် တာဝန်ရှိသူများ စစ်ဆေးနိုင်ရန်အတွက် ယူဆောင်လာရမည်ဟု အသိပေးထားသည်။

သံရုံးရှေ့တွက် ကိုယ်တိုင်ဗီဇာရက်ချိန်းရယူသူများသည် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ထိုင်းသံရုံးရှေ့၌ ဗီဇာလျှောက်ထားရန် တိုကင်နံပါတ်များကို ဖေဖော်ဝါရီလ (၂၂)ရက်နေ့နှင့် ဖေဖော်ဝါရီလ (၂၃)ရက်နေ့များအတွက် တစ်ရက်လျှင် တိုကင်နံပတ် (၂၀၀)နှုန်းဖြင့် ပေးဝေသွားမည်ဟု သိရသည်။

ထို့ကြောင့် တာဝန်ရှိသူများမှ ပတ်စပို့စ်နှင့် သေချာစစ်ဆေးပြီး မှန်ကန်မှသာ ဗီဇာလျှောက်မည့်လူကိုယ်တိုင် တိုကင်ထုတ်ယူပြီး နာမည်စာရင်းရေးမှတ်ရမည်ဖြစ်သောကြောင့် အဆိုပါတိုကင်နံပတ်ကို တခြားသူထံ လွှဲပြောင်းခြင်း မပြုလုပ်ရဟု ထုတ်ပြန်ထားသည်။

တိုကင်နံပါတ်တစ်ခုသည် လျှောက်ထားမည့်လူတစ်ဦးအတွက်သာ အကျုံးဝင်ပြီး တိုကင်နံပါတ်အား အလွဲသုံးစားလုပ်ခြင်း သို့မဟုတ် တိုကင်အတုပြုလုပ်သည်ကိုတွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ပိတ်ပြီး Blacklist စာရင်းသွင်းမည်ဟု သတိပေးထားသည်။

ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှစ၍ သံရုံးရှေ့တွင် လူကိုယ်တိုင် ဗီဇာရက်ချိန်းယူခြင်း ပမာဏကိုရေတွက်ပြီး အွန်လိုင်းမှတဆင့် ဗီဇာရယူခြင်း VABO စနစ် https://thaiconsularyyangon.com/visa/ တစ်ခုသာ  ပြောင်းလဲသတ်မှတ်နိုင်ခြေရှိ၊ မရှိကို သံရုံးကတဆင့် အကြောင်းကြားသွားမည်ဟု သိရသည်။

#TachileikNewsAgency