မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ပဲရွန်းတောင်စခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

Photo: AA Info Desk
Photo: AA Info Desk
မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ပဲရွန်းတောင်စခန်းကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ပဲရွန်းတောင်(ပဲရမ်းတောင်)ရှိ စစ်ကောင်စီတပ်စခန်းကို  ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ(၁၉)ရက်နေ့၏ ညနေပိုင်းတွင် သိမ်းပိုက်ရရှိကြောင်း သိရသည်။

 ပဲရမ်းတောင်စခန်းသိမ်း တိုက်ပွဲကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်ကနေ စတင် ထိုးစစ်ဆင် တိုက်ခိုက်ရာ (၉)နာရီအကြာအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းဖြင့် (၃)ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသော်လည်း အဆိုပါ စခန်းတစ်ခုလုံးကို ရက္ခိုင့်တပ်တော်(AA)က  ညနေ(၄)နာရီခွဲဝန်းကျင်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

  AA Info Desk

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား  (၁၀)ဦးကျော် သေဆုံးပြီး လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။



စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ နှင့် အမ်း မြို့နယ်များအတွင်းမှ အာဏာသိမ်းစစ်ကောင်စီတပ်များသည် ရက္ခိုင့်တပ်တော်(AA)၏ စစ်ရေးဗျူဟာများကို အလူးအလဲခံနေရသည်ဖြစ်သည့်အတွက်  ထိုးစစ်ထက် ခုခံစစ် နှင့် ခွာစစ်များကိုသာ အသုံးပြုနေရပြီး ထွက်ပြေးစနစ်ကို ဦးစားပေးကာ ထွက်ပြေးစွန့်ခွာသူများနေသည်ဟုလည်း သိရသည်။

စစ်ရေး ကမောက်ကမ ဖြစ်နေသည့် စစ်ကောင်စီတပ်သည် ခုခံစစ်၊ ခွာစစ် နှင့် ထွက်ပြေးစနစ်တို့ကို အသုံးပြုရင်း  လက်နက်ကြီး နှင့် လေကြောင်းပစ်ခတ်မှုတို့ဖြင့် ရမ်းသန်းပစ်ခတ်မှုများကိုသာ ပြုလုပ်နေလျက်ရှိသည့်အတွက်  အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ ကျေးရွာ နှင့် မြို့အတွင်းရှိ လူနေအိမ်များ လက်နက်ကြီးထိမှန်၍ မီးလောင်ခြင်း၊ ပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။