ဆီဆိုင်မြို့သို့ ပြောင်းဆံ ပြန်လာသယ်သည့် အလံဖြူထောင်ထားသောယာဉ်များ လက်နက်ကြီးထိမှန်ကာ ဒေသခံ(၈)ဦး သေဆုံး

ဆီဆိုင်မြို့သို့ ပြောင်းဆံ ပြန်လာသယ်သည့် အလံဖြူထောင်ထားသောယာဉ်များ လက်နက်ကြီးထိမှန်ကာ ဒေသခံ(၈)ဦး သေဆုံး
ဖေဖော်ဝါရီ 19, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်‌ရဒေသအတွင်း ဆီဆိုင်မြို့တွင် အလံဖြူထောင်ထားသော ပြောင်းဆံပြန်လာသယ်သည့် အရပ်သားယာဉ်များ လက်နက်ကြီးထိမှန်ကာ (၈)ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဆီဆိုင်မြို့သို့ ပြောင်းဆံပြန်လာသယ်သည့် အလံဖြူထောင်ထားသော ဒေသခံများ၏ ယာဉ်တန်းမှာ လက်နက်ကြီးကျကာ အရပ်သား(၈)ဦး သေဆုံးသွားကြောင်း သိရသည်။



“ဆီဆိုင်မြို့ပစ္စည်းပြန်သယ်တဲ့ ယာဉ်တန်းတွေ အပစ်ခံရတယ်။ မြောက်ဖက်ကနေ နှစ်လုံးပစ်ပြီး ဆီဆိုင်မြို့ထဲ တစ်လုံးကျတယ်။ အရပ်သား(၈)ဦး‌သေသွားတယ်။ ဘုရားဖြူရွာကများတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

သေဆုံးသူများမှာ ဦးပြား၊ ခွန်ဦးစိန်၊ ခွန်လှဇော်၊ ခွန်ခမ်းထီးနှင့် အမည်မသိရသေးသူ(၄)ဦးတို့ ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် ဆိုက်ခေါင်အရှေ့ဘက်၌ PNO/PNA၏ ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရသဖြင့် တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ထားရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်နေ့ကတည်းက ဆိုက်ခေါင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ လက်နက်ကြီးအထိုင်စခန်းမှ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ ညပိုင်းကစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့ကို လက်နက်ကြီးနှင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်နေခြင်းဖြစ်သည်ဟု သိရသည်။ 

“လက်နက်ကြီးနဲ့ပစ်လို့ ဘုရားဖြူရွာသား(၈)ယောက် လက်နက်ကြီးထိတယ်။ လက်နက်ကြီးကြောင့် မင်္ဂလာရဲစခန်းတောင်ဘက်က တတန်းလုံးလောင်သွားတယ်။"ဟု ဆီဆိုင်မြို့ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဘုရားဖြူ အထက်တန်းကျောင်းအရှေ့ဘက်ရှိ အောင်ချမ်းသာရပ်ကွက်အတွင်းကျရောက်ပြီး ရွှေသံလွင်ဆိုင် ထိမှန်မီးလောင်ပျက်စီးခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အပေါင်းအပါ PNO/PNA ပြည်သူ့စစ်များက ပအိုဝ်းဒေသကို လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် ဘာသာရေးအဆောက်အဦး (၇)ခုထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပြီး နေအိမ်များစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency