ဆိုက်ခေါင်ရှိ PNO စခန်းတွင် တိုက်ပွဲဖြစ်နေပြီး ဘုရားဖြူရွာရှိ ရွှေသံလွင် စက်ပစ္စည်းအရောင်းဆိုင် လက်နက်ကြီးကျကာ မီးလောင်

ဆိုက်ခေါင်ရှိ PNO စခန်းတွင် တိုက်ပွဲဖြစ်နေပြီး ဘုရားဖြူရွာရှိ ရွှေသံလွင် စက်ပစ္စည်းအရောင်းဆိုင် လက်နက်ကြီးကျကာ မီးလောင်
ဖေဖော်ဝါရီ 11, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရှိ ပြည်သူ့စစ်(PNO)စခန်းတွင် ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်နေပြီး ဆီဆိုင်မြို့လမ်းများလည်း ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဆိုက်ခေါင်ရှိ အောင်ဆုဗွေ ပြည်သူ့စစ်(PNO)စခန်းကို PNLOက ဝင်ရောက်တိုက်ခိုက်နေပြီး လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ်ဘက်က ပစ်ခတ်‌နေသည်ဟု သိရသည်။

"အခုက ဆိုက်ခေါင်အောင်ဆုဗွေ PNOစခန်း အတိုက်ခံနေရတယ်။ ဆီဆိုင်လမ်းတွေက အကုန်ပိတ်ထားတယ်။"ဟု ဆီဆိုင်မြို့ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း ဆီဆိုင်မြို့အနီးရှိ ဘုရားဖြူရွာ အထက်တန်းကျောင်းရှေ့ ရွှေသံလွင် စက်ပစ္စည်းအရောင်းဆိုင် လက်နက်ကြီးကျကာ မီးလောင်ခဲ့သည်ဟု သိရသည်။

"ဟုတ်တယ်။ ဘုရားဖြူ အထကကျောင်းရှေ့ ရွှေသံလွင် စက်ပစ္စည်းဆိုင် မီးလောင်နေတယ်။ ဘုရားဖြူဆိုတော့ မြို့အနီးနားဘဲပေ့ါ့။ ဘုရားဖြူက ရွာပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများမှာ တိမ်းရှောင်နေကြသဖြင့် ထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်က ‌လေကြောင်းမှ ပေါင်(၅၀၀)ဗုံးကြဲတိုက်ခိုက်မှုပင်ရှိကြောင်း သိရသည်။

"ဆိုက်ခေါင်ဖက်နားက‌နေ‌ လက်နက်ကြီးတွေ ဆီဆိုင်ဖက်ကို လှမ်းပစ်တယ်လို့တော့ကြားပါတယ်။ ခုမီးလောင်တာက အဲ့လက်နက်ကြီးကြောင့်လားဆိုတာမသိပါဘူး။"ဟုလည်း ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့မှ ယနေ့အထိ ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီနှင့် အပေါင်းအပါများသည် လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်ထားသည့် ပြည်ထောင်စုကားလမ်းမကြီး၊ ဆိုက်ခေါင်အနီးတဝိုက်မှ ဆီဆိုင်မြို့သို့ သွားသည့် ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့ကို ဆက်သွယ်ထားသည့် ကျေးရွာလမ်းငယ်များ၊ နမ်းတဘက်ချောင်းအနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများကို ယာယီပိတ်ထားမည်ဟု PNLOက အသိပေးထားသည်။

#TachileikNewsAgency