ရှမ်းပြည်နယ်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်နယ်ဝန်ကြီးများ အပါအဝင် (၂၈)ဦးဖြင့် ပြည်နယ်အဆင့် ကော်မတီ ဖွဲ့စည်း

ရှမ်းပြည်နယ်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်နယ်ဝန်ကြီးများ အပါအဝင် (၂၈)ဦးဖြင့် ပြည်နယ်အဆင့် ကော်မတီ ဖွဲ့စည်း
ဖေဖော်ဝါရီ 1, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှု ထိန်းချုပ်ကာကွယ်ရေးအတွက် ပြည်နယ်ဝန်ကြီးများ အပါအဝင် (၂၈)ဦးဖြင့် ပြည်နယ်အဆင့် ကော်မတီ ဖွဲ့စည်း

ရှမ်းပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ် ဝင်ပေါက် ထွက်ပေါက်များမှ တဆင့် ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် 2019 Novel Coronavirus ( 2019 - N Cov)အဆုတ်ရောင်ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် ရှမ်းပြည်နယ် အဆုတ်ရောင်ရောဂါ 2019 Novel Coronavirus ( 2019 - N Cov)စောင့်ကြပ် စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့က (၂၈)ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဥက္ကဌအဖြစ် ဆောင်ရွက်သည်။

"တစ်နိုင်ငံလုံးအဆင့် ကော်မတီမှာတော့ နယ်စပ်ထိစပ်တဲ့ ကချင်တို့ ရှမ်းတို့ တနင်္သာရီတို့က ဝန်ကြီးတွေလည်းပါတယ်။ အဲဒီကနေ ပြည်ထောင်စုအဆင့် လုပ်ငန်းလမ်းညွှန်တွေလာမယ်။ ကျွန်တော်တို့ ပြည်နယ်အနေနဲ့ ဘာတွေလိုတယ်။ ဘာတွေလုပ်ထားတယ်ဆိုတာ အဲဒီမှာ ဆွေးနွေးမှာပေါ့။ ကျွန်တော်တို့က ပြည်နယ်အဆင့်ကော်မတီအနေနဲ့ ဆောင်ရွက်မှာပေါ့"

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကော်မတီအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ သယံဇာတနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင် နှင့် ဗမာတိုင်းရင်းသားရးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် အပါအဝင် "ဝ" နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ဥက္ကဌများ ပြည်နယ်အဆင့် ဌာနအကြီးအကဲများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ နှင့် ဆေးရုံအုပ်များဖြင့် ဖွဲ့စည်းထားရှိသည်။

ကော်မတီ၏ လုပ်ငန်းတာဝန်(၁၂)ခုတွင် ရှမ်းပြည်နယ်၏ ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ဝင်ပေါက် ထွက်ပေါက်များတွင် ဝူဟန်အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ သံသယရှိ လူနာနှင့်ရောဂါဖြစ်ပွားသူများကို စောစီးစွာ သိရှိထောက်လှမ်း တုန့်ပြန်နိုင်ရေး ဆောင်ရွက်ရန် နှင့် နိုင်ငံခြားသားများ တည်းခိုနေထိုင်သည့် တည်းခိုခန်း နှင့် ဟိုတယ်များတွင်လည်း စောင့်ကြည့် သတိပြုရန်လည်း ပါဝင်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~