MNDAA က အုပ်ချုပ်မှုဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ပယ်ဆောက်ချိန် မိသားစု၏ အကြီးစား မူးယစ်ဆေးဝါးထုတ်လုပ်သည့်  နေရာကို ရှာဖွေ တွေ့ရှိ

Photo: The Kokang
Photo: The Kokang
MNDAA က အုပ်ချုပ်မှုဒေသအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ပယ်ဆောက်ချိန် မိသားစု၏ အကြီးစား မူးယစ်ဆေးဝါးထုတ်လုပ်သည့်  နေရာကို ရှာဖွေ တွေ့ရှိ
ဖေဖော်ဝါရီ 10, 2024 | ရှမ်းမြောက်

 မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် ရှမ်းပြည်နယ်အထူးဒေသ (၁)၊ ကိုးကန့်ဒေသတွင်   MNDAA က ၎င်းတို့၏ အုပ်ချုပ်မှုဒေသအတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ခြင်းများအတွက် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် ပယ်(ပယ်ဆောက်ချိန်)မိသားစု၏ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိ၍ သက်သေအထောက်အထား ပစ္စည်းများအဖြစ် တရုတ်အစိုးရကို လွှဲပြောင်းပေးလိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၏ ပထမပတ်အတွင်း ပယ်ဆောက်ချိန် မိသားစုနှင့်ဆက်စပ်သည့် နေရာများ အပါအဝင် နေရာတော်တော်များများကို အကြီးစားနယ်မြေရှင်းလင်းရေးများ ပြုလုပ်စဉ် မြေကြီးအတွင်း မြှုပ်နှံထားသည့် စိတ်ကြွရူးသွပ်ဆေး၊ ရေခဲ၊ အီးဖဒရင်း၊ ဆိုဒီယမ် အက်ဆစ်ထရီဟိုက်ဒရိတ် အများအပြား အပါအဝင်  မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါးများနှင့် ဆက်ပစ္စည်းများကို ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများ အကြီးအစားပြုလုပ်ပြီး သိုဝှက်ထားသည့်နေရာကို သဲလွန်စရရှိပြီးနောက် အထူးအဖွဲ့ ဖွဲ့စည်းပြီး ရှာဖွေမှုများ ပြုလုပ်ရာက ယခုလို တွေ့ရှိရခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် အလုံးစုံရှာဖွေတွေ့ရှိရပြီးနောက် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် MNDAA ၏ အထူးအုပ်ချုပ်ရေး ရဲတပ်ဖွဲ့နှင့် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မှုအဖြစ် အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ပယ်ဆောက်ချိန်နှင့် ၎င်း၏ သားဖြစ်သူ ပယ်ရင်ချန် တို့နှင့် ဆက်နွယ်ပြီး အွန်လိုင်းလိမ်လည်လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသူ (၂၈)ဦး အပါအဝင် ဖမ်းဆီးရမိသူများကို လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ကျားဖြန့်လုပ်ငန်း(ခေါ်)အွန်လိုင်းငွေလိမ်လည်မှုဖြင့် တရုတ်နိုင်ငံက ဝရမ်းထုတ်ထားသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌဟောင်း ပယ်ဆောက်ချိန်အပါ (၁၀)ဦးကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့ ညပိုင်းတွင် နေပြည်တော်မှတဆင့် တရုတ်နိုင်ငံတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ၎င်းတို့ နေထိုင်ခဲ့သည့် ဒေသအတွင်း၌ MNDAA ၏ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက အဖွဲ့များ ဖွဲ့စည်းပြီး နယ်မြေရှင်းလင်း ရှာဖွေမှုများ ပြုလုပ်ရာက ယခုလို ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။