စစ်ရှုံး စစ်ကောင်စီ ဘက်တော်သားများ ထွက်ပြေးလာသည့် ဂယက်များကြောင့် အိန္ဒိယ - မြန်မာ နယ်စပ်တွင် ဗီဇာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် မူဝါဒကို ရုပ်သိမ်းမည်ဟု အိန္ဒိယအစိုးရ ကြေညာ

စစ်ရှုံး စစ်ကောင်စီ ဘက်တော်သားများ ထွက်ပြေးလာသည့် ဂယက်များကြောင့် အိန္ဒိယ - မြန်မာ နယ်စပ်တွင် ဗီဇာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် မူဝါဒကို ရုပ်သိမ်းမည်ဟု အိန္ဒိယအစိုးရ ကြေညာ
ဖေဖော်ဝါရီ 9, 2024 | နိုင်ငံတကာသတင်း

တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်၏ စစ်တပ်နှင့်ရဲအပါအဝင် စစ်ကောင်စီ ဘက်တော်သားများ အိန္ဒိယဘက်သို့ ထွက်ပြေးလာသည့် ဂယက်များကြောင့် အိန္ဒိယ - မြန်မာ နယ်စပ်တွင် နေထိုင်ကြသည့် နိုင်ငံသားများ ဗီဇာမလိုအပ်ဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် မူဝါဒကို ရုပ်သိမ်းသွားတော့မည်ဟု အိန္ဒိယအစိုးရက ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ကြေညာလိုက်သည်။ 

နိုင်ငံတော်လုံခြုံရေးနှင့် ၎င်း၏ အရှေ့မြောက်ပိုင်းဒေသ လူဦးရေကို ထိန်းသိမ်းရန်အတွက် ဆယ်စုနှစ်များကြာပြီဖြစ်သည့် ဗီဇာကင်းလွတ်ခွင့်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သွားလာနိုင်မှုကို ရုပ်သိမ်းခြင်းဖြစ်ကြောင်း အိန္ဒိယက ဆိုသည်။

ဗီဇာမလိုအပ်ဘဲ သွားလာနိုင်ခွင့် ရုပ်သိမ်းတော့မည်ဟု အိန္ဒိယပြည်ထဲရေးဝန်ကြီး၏ ကြေညာချက်မှာ မိုင် (၁,၀၂၀) ရှိသည့် အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးခတ်သွားမည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

လက်ရှိတွင် အိန္ဒိယ - မြန်မာနယ်စပ်၏ တစ်ဘက်စီတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် နယ်စပ်မျဥ်းမှ (၁၀) မိုင်အတွင်း ဗီဇာမလိုအပ်ဘဲ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ထောင်နှင့်ချီသော အရပ်သားများနှင့် စစ်ရှုံး၍ ထွက်ပြေးကြသည့် အာဏာသိမ်းစစ်အုပ်စု၏ ရာနှင့်ချီသော တပ်ဖွဲ့ဝင်များ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ 

ထိုအခြေအနေက တင်းမာမှုများ အိန္ဒိယဘက်သို့ ပြန့်နှံ့လာနိုင်သည့် အန္တရာယ်ရှိနေသောကြောင့် အိန္ဒိယအစိုးရအတွက် စိုးရိမ်ပူပန်စရာ ဖြစ်လာသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ မြန်မာစစ်တပ်မှ စစ်သား (၇၀၀၀) ကျော် အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့ကြသည်။ 

မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက အိန္ဒိယ - မြန်မာနယ်စပ်အနီးရှိ မြို့တစ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထောင်နှင့်ချီသော အရပ်သားများ စစ်ပွဲကြောင့် အိန္ဒိယဘက်သို့ ထွက်ပြေးခဲ့ကြရသည်။ 

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင်လည်း အိန္ဒိယအစိုးရက မြန်မာနယ်စပ် ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသည့် ၎င်း၏ နိုင်ငံသားများ ချက်ချင်း ထွက်ခွာလာကြရန် အကြံပြုချက် ထုတ်ပြန်ခဲ့သေးသည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေး အခြေအနေ ယိုယွင်းလာမှု၊ ကြိုးဖုန်းများ အပါအဝင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုနှင့် မရှိမဖြစ် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာမှုတို့ကြောင့် ထိုနေရာမှ ချက်ချင်း ထွက်ခွာကြရန် အိန္ဒိယက ၎င်း၏ နိုင်ငံသားများကို အကြံပြုခြင်း ဖြစ်သည်။ 

ဆက်စပ်သတင်းများအရ ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် Arakan Army (AA) ၏ ထိုးစစ်ဆင်မှုအတွင်း အရေးနိမ့်နေသော အာဏာသိမ်း မြန်မာစစ်တပ်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ရာနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးနေကြကြောင်း သိရသည်။