ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ထောင်ချီထွက်ပြေးနေရ

Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ ထောင်ချီထွက်ပြေးနေရ
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာပေါင်း(၁၀)ရွာထက်မနည်းမှ ဒေသခံထောင်ချီ ထွက်ပြေး နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နံနက်ပိုင်းက စတင်ကာ ရေဦးမြို့နယ်မှ အင်အား(၁၀၀)ကျော်ပါသည့် စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိ မြင်းကျ၊ သာဝတ္ထိ၊ ကလုံ စသည့် ကျေးရွာများအား  စစ်ကြောင်း ထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်း ပျဥ်ထောင်ပျူရွာမှထွက်ကာ ကလုံကျေးရွာမှ သာဝတ္ထိကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့် အနီးရှိ ကျွန်းတောကြီး၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ ကလုံ၊ တဲစုစသည့်ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။