ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းတို့ကြောင့် လွယ်ပွတ်ရွာနေအိမ်များမီးလောင်

ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းဗုံးကြဲခြင်းတို့ကြောင့် လွယ်ပွတ်ရွာနေအိမ်များမီးလောင်
ဖေဖော်ဝါရီ 6, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာ၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ပူးပေါင်း PNOတပ်များနှင့် PNLO တပ်တို့ ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၆)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ညပိုင်းကစတင်ကာ လွယ်ပွတ်ရွာကို လက်နက်ကြီး အလုံး(၅၀)ဝန်းကျင် ပစ်ခတ်၍ စစ်ကြောင်းထိုးလာရာက PNLO တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲမှုများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေသည်ဟု သိရသည်။

“ခုတိုက်နေတုန်း။ လက်နက်ကြီးပစ်တာ ရွာထဲကို၊ စကစနဲ့ PNO ပူပေါင်းပြီး ထိုးစစ်ဆင်တာပါ။ အဝေးကနေပဲ လက်နက်ကြီး (၆၀)မမနဲ့ လှမ်းထုတာ။ ပြည်သူအိုးအိမ်တွေပဲ ထိခိုက်တာပေါ့။ ရွာထဲကို သူတို့ရမ်းပစ်တာက အလုံးရေများပါတယ်။”ဟု PNLOမှ အရာရှိတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ပွဲဖြစ်တော့မည်ကို သိသဖြင့် ဒေသခံများကို ယနေ့နံနက်ပိုင်းကစတင်ကာ ရှောင်တိမ်းခိုင်းထားသော်လည်း ပိတ်မိနေသည့်ဒေသခံများရှိသဖြင့် PNLOက လုံခြုံသည့်နေရာတွင် တာဝန်ယူပေးထားရကာ နံနက်(၁၁)နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် (၃)ကြိမ် လာရောက်ပြီး လွယ်ပွတ်ရွာကို ဗုံးကြဲချသွားသည်ဟု ဆိုသည်။

“မနက်ကတည်းက ပစ်သံတွေကြားတယ်။ လွယ်ပွတ်ဘက်ဖြစ်နေတာ။ အသေအချာတော့ မသိရဘူးဗျ။ အခုလည်း လက်နက်ကြီးသံတွေ ကြားရတာ။ ဆိုက်ခေါင်ကနေ အရှေ့ဘက်တက်ရင် လွယ်ပွတ်ရွာရောက်တယ်။ ဆိုက်ခေါင်နဲ့နီးတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ဆိုက်ခေါင်သည် ဆီဆိုင်မြို့နယ်နှင့် (၁၅)မိုင်ဝန်းကျင်ဝေးပြီး စံပြရွာဖြစ်ကာ လွယ်ပွတ်ရွာမှာ ဆိုက်ခေါင်နှင့်နီးသည်ဟု သိရသည်။

#TachileikNewsAgency