NCA လက်မှတ်ရေးထိုးထားသည့် DKBA   ဗိုလ်မှူးကြီးတစ်ဦး၏ ရုံး၊နေအိမ်နှင့် စစ်သင်တန်းပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် 

NCA လက်မှတ်ရေးထိုးထားသည့် DKBA   ဗိုလ်မှူးကြီးတစ်ဦး၏ ရုံး၊နေအိမ်နှင့် စစ်သင်တန်းပေးရာ နေရာများကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် 
ဇန်နဝါရီ 21, 2023 | 2021 Military Coup| အခြားဒေသများ

 ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၏ အမှတ်(၂)စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း၏ ရုံးနှင့် နေအိမ် အပါအဝင် စစ်သင်တန်းပေးရာ နေရာတို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့၏ နံနက်ပိုင်းတွင် လေယာဉ်နှင့်ပစ်ခတ်ခဲ့ သဖြင့် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးသည့်အပြင်  DKBA တပ်သား နှစ်ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကိုသာ အဓိက အားထားနေရသည့် စစ်ကောင်စီက တိုက်လေယာဉ်(၄)စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာက DKBA ဗိုလ်မှူးကြီး၏ နေအိမ်မှာ လုံးဝ ပြိုကျပျက်စီးသွားခဲ့ရကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ဗိုလ်မှူးကြီး စောအေဝမ်းနှင့် မိသားစုများ လွတ်မြောက်ခဲ့ပြီး စစ်ကောင်စီက မည်သည့်အတွက်ကြောင့် တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။

 

“ဗိုလ်မှူးအေဝမ်းက စိတ်ကောင်းနှလုံးကောင်း အင်မတန်ရှိတဲ့သူပဲ။ ကျနော်တို့ ဒေသမှာ သူဆောက်ပေးထားတဲ့ စာသင်ကျောင်းတွေ ဆေးပေးခန်းတွေကြောင့် ဒေသတွင်းမှာ ပညာရေး၊ ကျန်းမာရေးတွေ ဖွံ့ဖြိုးလာတာ။ ဘုရားရှိခိုးကျောင်းတွေ၊ ဘုရားစေတီတွေ၊ ဘုန်းကြီးကျောင်းတွေလည်း သူဆောက်ပေးထားတာ မနည်းဘူး။ ဒေသခံတွေက သူ့ကို အတော်လေး အားကိုးယုံကြည်ကြတယ်"ဟု ကြိမ်ချောင်းရွာက ဒေသခံတစ်ဦး၏ ပြောပြချက်ကို ကိုးကားပြီး ငွေမောင်းသံက ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ 

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)သည် NCA စာချုပ်လက်မှတ်ရေးထိုးထားခဲ့သည့်အဖွဲ့ဖြစ်ကာ စစ်ကောင်စီနှင့် အာဏာသိမ်းပြီးနောက် မကြာခဏ တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။