မြန်မာ့အရေး တွန်းအားပေးရန် အမေရိကန် အောက်လွှတ်တော်အမတ်များအဖွဲ့  ဖွဲ့စည်းမည်

မြန်မာ့အရေး တွန်းအားပေးရန် အမေရိကန် အောက်လွှတ်တော်အမတ်များအဖွဲ့  ဖွဲ့စည်းမည်
ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| နိုင်ငံတကာသတင်း
By Mr John

 စစ်တပ်က အာဏာသိမ်းထား၍  အကျပ်အတည်းနှင့် ကြုံနေသည့် မြန်မာ့အရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရ အနေဖြင့် ပိုမို အရေးယူဆောင်ရွက်ရေး တွန်းအားပေးရန် အမေရိကန်နိုင်ငံရေးပါတီ (၂) ခုလုံးမှ အမတ်များ ပါဝင်သည့် အောက်လွှတ်တော်အမတ်များအဖွဲ့ကို  ပထမဆုံးအကြိမ် ဖွဲ့စည်းသွားမည် ဖြစ်သည်။

မီချီဂန်ပြည်နယ် ရီပတ်ဘလစ်ကင်ပါတီ လွှတ်တော်အမတ် Bill Huizenga နှင့် မင်နီဆိုတားပြည်နယ် ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် Betty McCollum တို့က Congressional Burma Caucus အဖွဲ့ကို ဦးဆောင်ကြမည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်မှုကို ကွန်ဂရက်လွှတ်တော်၏ အားပေးထောက်ခံမှု မြှင့်တင်ရန် ရည်ရွယ်၍ ထိုအဖွဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း လွှတ်တော်အမတ် (၂) ဦး ထုတ်ပြန်ချက်တွင် ပြောထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းထားမှုမှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် (၃) နှစ်ပြည့်ပြီဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းမှုကို လူငယ်များ ဦးဆောင်သော ကန့်ကွက်ဆန္ဒပြမှုများ မြန်မာတစ်နိုင်ငံလုံးတွင် ပေါ်ပေါက်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှ လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့တွင် ရှိလာခဲ့သည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းက ကွန်ဂရက်လွှတ်တော် ခေါင်းဆောင်တွေထံကနေ အရေးတကြီး အာရုံစိုက်မှု လိုအပ်တဲ့အဆင့်အထိ မြင့်တက်လာခဲ့တယ်" ဟု လွှတ်တော်အမတ်များ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

မြန်မာ့အရေးနှင့် ပတ်သက်၍ တွန်းအားပေးသွားမည့် Burma Caucus အဖွဲ့တွင် အမေရိကန်အောက်လွှတ်တော်အမတ် အနည်းဆုံး (၃၀) ဦး ပါဝင်မည်ဟု ဆိုသည်။

အာဏာသိမ်းပြီး ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းနေသည့် စစ်အာဏာသိမ်းအုပ်စုနှင့် ဆက်စပ် အထောက်အကူပြုနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု၊  မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းနှင့် ခရိုနီ (၄)ဦး မိသားစုလုပ်ငန်းတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ချမှတ်ကြောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

Source: Reuters